မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် အမည်စာရင်းတင်၊ ၃ ဦး ပြန်ရုပ်သိမ်း
DVB
·
August 9, 2020
မွန်ပြည်နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အပါအဝင် ပါတီ ၁၃ ခုက ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းထားပြီး အဲဒီထဲမှာ ကိုယ်စားလှယ်လောင်း ၃ ဦး လျှောက်လွှာ ပြန်ရုပ်သိမ်းသွားပါတယ်။
လာမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လက်ခံခဲ့ပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်း လျှောက်ထားမှုအရ ပြည်သူ့လွှတ်တော် ၆၅ ဦး၊ အမျိုးသားလွှတ်တော် ၇၉ ဦး၊ ပြည်နယ်လွှတ်တော် ၁၃၈ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂၄ ဦး၊ စုစုပေါင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းခဲ့တာပါ။
အဲဒီထဲမှာတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၃ ဦးက ကိုယ်စားလှယ်လောင်း စိစစ်မယ့် နေ့ရက် မတိုင်မီ လျှောက်လွှာပြန်လည်ရုပ်သိမ်းသွားတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်း လျှောက်လွှာ အမည်စာရင်း တင်သွင်းရာမှာတော့ ပြည်နယ်အတွင်း ရုံးစိုက်တဲ့ ပါတီ ၁၂ ခုအပြင် တခြားပြည်နယ်တွေ ရုံးစိုက်တဲ့ ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုကို မယုံကြည်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတာလို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူတွေကို လာမယ့် သြဂုတ် ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း အရည်အချင်း သတ်မှတ်ချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ပြန်လည် စိစစ်သွားဖို့ ရှိနေပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၂၇၉ ဦး ရှိခဲ့ပါတယ်။
ဇော်လွင်ထွဋ်