အင်းတော်တွင် တံတား ၂ စင်းရေထဲမျောပါ၊ ကျေးရွာ ၆ ရွာခန့် လမ်းပန်းဆက်သွယ်ရေးပြတ်
Aung Ko Latt
·
August 8, 2020
ကချင်ပြည်နယ်အတွင်း သြဂုတ်လ ၈ ရက်နေ့ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းလို့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထ ချောင်းကူးတံတား ၂ စင်း ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။
လတ်တလောမှာတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်စီခန့်နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ အင်းတော်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။
“မိုးကတော့ အခုလည်း ဖွဲဖွဲလေး ကျနေတုန်းပဲ။ နောက်ထပ် သဲသဲမဲမဲ မရွာပါစေနဲ့ ဆုတောင်းနေရတာ။ တံတား အမှီပြုရတဲ့ ကျေးရွာ ၆ ရွာလောက်ကတော့ လောလောဆယ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာပေါ့။ ကျနော်တို့လည်း ဌာနဆိုင်ရာတွေနဲ့ အဲဒီရွာကို ရောက်နေတယ်။ ယာယီတံတားထိုးဖို့ကိစ္စ၊ ကမ်းပြိုအန္တရာယ်ရှိတဲ့ နေအိမ်တွေ ရွှေ့ပြောင်းဖို့ စီစဉ်ညှိနှိုင်းနေကြပါတယ်။”
တောင်ကျချောင်းရေကြောင့် နမီးချောင်းကို ဖြတ်ဆောက်ထားတဲ့ ပေ ၁၇၀ အရှည်ရှိ နမီး-ကွင်းငို့ ကျေးရွာချင်းဆက် အုတ်ခုံပျဉ်ခင်းတံတား (ငြိမ်းချမ်းရေး စုပေါင်းညီညာတံတား) ရေထဲမျောပါသွားခဲ့သလို ပေ ၂၂၀ အရှည်ရှိ နားဖာ-ဆားမှော် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး သစ်သားတံတား တို့ ရေထဲ မျောပါ ပျက်စီးခဲ့တာပါ။
ဒါ့အပြင် ချောင်းအနီးရှိ ကမ်းပြိုအန္တရာယ်ကျရောက်နိုင်တဲ့ နေအိမ်အချို့ကိုလည်း ရွှေ့ပြောင်းတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ချောင်းရေတော့ ဆက်မတိုးတော့ဘဲ ပြန်ကျနေပြီလို့ ကိုယ်စားလှယ်ဆီက သိရပါတယ်။