တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း ၁ သိန်းခန့်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
August 8, 2020
တာချီလိတ်မြို့မှာ မနေ့က ကျပ်သိန်းပေါင်း ၁ သိန်းလောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။
မနေ့ ညနေ ၅ နာရီလောက်က သတင်းအရဖမ်းမိခဲ့တာလို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတာပါ။
တာချီလိတ်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ သက်သေတွေနဲ့အတူ တာချီလိတ်မြို့နယ်၊ တာချီလိတ်-မိုင်းဆတ်သွားကားလမ်းမှာ ယမ်းခေါင်းရွာဘက်ကနေ တာချီလိတ်မြို့ဘက်ကိုမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ပေမယ့် မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။
ဒါကြောင့် လိုက်လံတားဆီးရာမှာ မောင်းသူက ထွက်ပြေးပြီး ကားကို လမ်းဘေးမှာ ရပ်ထားတာကို တွေ့ခဲ့ရပါတယ်။
စစ်ဆေးရာမှာတော့ ကားပေါ်မှာပါလာတဲ့ ဆာလာအိတ်တွေထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၉၆,၀၀၀) ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။