Homeမြန်မာသတင်း
မန္တလေးတိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၅ ရာခိုင်နှုန်း ဝင်ပြိုင်မည်
မန္တလေးတိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၅ ရာခိုင်နှုန်း ဝင်ပြိုင်မည်
DVB
·
August 7, 2020
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)အနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်းနေရာ ၆၀ ခန့်အထိ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၅ ရာခိုင်နှုန်းခန့်ပါဝင်မယ်လို့ PPP ပါတီထံက သိရပါတယ်။
မန္တလေးတိုင်းအတွင်း ၁၈ မြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ထားပြီး ၂၀၂၀ ရွေကောက်ပွဲ ဝင်ရောက်ယှဉ်မယ့် စာရင်းအတိအကျကိုတော့ ဩဂုတ် ၇ရက်နေ့ နောက်ပိုင်းကျမှ အတည်ပြုမယ်လို့လည်း သိရပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဇာနည်အောင်အောင်က "ဆယ့်ရှစ်မြို့နယ် ရုံးဖွင့်လှစ်ပြီးပါပြီပေါ့။ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အနေနဲ့ကတော့ အင်အားအနေနဲ့ လေးဆယ်ကျော် ငါးဆယ်ကျော် ကျနော်တို့ ခန့်မှန်းထားပါတယ်ဗျ။ ခုချိန်ထိက လည်း ခုနကပြောသလို ပြင်ဆင်တဲ့ဟာနဲ့ ဆောင်ရွက်နေတဲ့ဟာလေးတွေက ခုနစ်ရက်နေ့ပြီးမှ ကျနော်တို့က အတည်ပြုနိုင်ပါမယ်ဗျ။ အရေအတွက် အတိအကျကတော့၊ အမျိုးသမီးကတော့ ခုနပြောသလို ကျနော်တို့က အားလုံးပေါင်းကို ခြောက်ဆယ်မှန်းတယ်ဆိုရင် သူက နှစ်ဆယ်လောက် ပါမှာဆိုတော့ သူက သုံးပုံတစ်ပုံလောက်ပေါ့၊ သုံးဆယ်သုံးဆယ့်ငါးရာခိုင်နှုန်း လောက် ကျနော်တို့ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ပါတီ စည်းရုံးရေး လုပ်ငန်းစဉ် တွေကိုတော့ လတ်တလောအချိန်အထိ ကိုဗစ်ကာလ ဖြစ်နေ သေးတဲ့အတွက် ဆိုရှယ်မီဒီယာနဲ့ မီဒီယာတွေကတစ်ဆင့် စည်းရုံးမှုတွေ လုပ်ဆောင်သွားမယ်လို့ လည်း သိရပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဇာနည်အောင်အောင်က "ကိုဗစ်ကာလနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ကလူစုလူဝေး မလုပ်ရတဲ့အတွက် ကျနော်က တော့ ဒီ ဆိုရှယ်မီဒီယာနဲ့ မီဒီယာပိုင်းကို ဦးစားပေးပြီးတော့ပဲ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ" လို့ ပြောပါတယ်။
ပါတီရဲ့ အဓိကမူဝါဒအနေနဲ့ ပြည်သူလူထု သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ပျော်ဘွယ်၊ အမရပူရ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ဝမ်းတွင်း၊ မြင်းခြံ၊ သာစည်၊ ကျောက်ဆည်နဲ့ တံတားဦး စတဲ့မြို့နယ်တွေမှာ မြို့နယ်ရုံးခန်းတွေ ဖွင့်လှစ်ထားပါတယ်။
သတင်း- ထိန်ထိန်လင်း