အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးသာ ဝင်ပြိုင်မည်
နန်းမြနဒီ
·
August 6, 2020
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်းလေးအိုင်ဒေသ အခြေစိုက် အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃ ဦးသာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သူတို့ပါတီအနေနဲ့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေ ၁ မြို့နယ်ထဲမှာဘဲ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ယှဉ်ပြိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က ၃ ယောက်ဘဲဝင်မယ်ဗျ၊ အင်းသားအများဆုံးရှိတဲ့ ညောင်ရွှေမြို့နယ်မှာပဲ ဝင်မယ်။ ဦးဝင်းမြင့်ဦးက ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်၊ ဦးသော်တာက ပြည်နယ် လွှတ်တော် ညောင်ရွှေမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်၊ နောက်ပြီးတော့ ဦးစိုးဝင်း က အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကနေ ဝင်ပြိုင်မယ်။”
ပါတီရဲ့ နိုင်ငံရေးဦးတည်ချက်မှာ ညောင်ရွှေမြို့နယ်တွင်းရှိ အင်းနဲ့တကွ တခြားတိုင်းရင်း သားတွေ နိုင်ငံရေးစင်မြင့်ပေါ်ရောက်ရှိရေး၊ အင်းတိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေး၊ ဖယ်ဒရယ်ရှမ်းပြည်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရည်မှန်းချက်မှာ အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အင်းလေးဒေသရှိ ရွာပေါင်း ၂၀၀ ကျော် လျှပ်စစ်မီးရရှိရေး၊ အင်းလေးဒေသသဘာဝသယံဇာတများကို အင်းလေးဒေသခံများ အသုံးချနိုင်ရေးတွေ ပါဝင်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ် ၁ နေရာ၊ ပြည်နယ်လွှတ်တော်အမတ် ၂ နေရာနဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ အနိုင်ရခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမတ်တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ အင်းလေးဒေသအနေနဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတ က်ရေးပါတီအပြင် ၂၀၁၉ နှစ်ကုန်ပိုင်းကမှ ပါတီထူထောင်ခွင့်ရထားတဲ့ အင်းအမျိုးသားအဖွဲ့ ချုပ်ပါတီကလည်း ကိုယ်စားလှယ်လောင်း ၆ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။