အပူပိုင်းမုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ပြီး မြန်မာဘက် ရွေ့လျားနေ
DVB
·
August 3, 2020
ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းတာချက်အရ လာအိုနိုင်ငံပေါ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်“စင်လကု”(Sinlaku) ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီး မြန်မာနိုင်ငံဘက် ဖြည်းညင်းစွာ ရွေ့လျားနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် ၁ နာရီကို မိုင် ၄၀ မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ကနေ ၁၄ ပေလောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။