ရသေ့တောင်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
August 2, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကပ်ချောင်းကျေးရွာမှာ သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က လက်နက်ကြီး ပေါက်ကွဲတာကြောင့် ကလေး ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ကလေးတွေက ချောင်းမှာ ရေကစားနေကြတဲ့အခါ လက်နက်ကြီးကျည်ဖူး တစ်လုံး ချောင်းကမ်းစပ်က ကောက်ရကြတယ်လို့ သိရတယ်။ အဲ့ဒါကို သစ်ပင်ခွမှာ ချိတ်ထားတဲ့အခါမှာ ရာသီဥတု ပူပြင်းတဲ့အတွက် ပေါက်ကွဲပြီး ၁ ဦးပွဲချင်းပြီး သေဆုံးတယ်။ ၅ ဦး ဒဏ်ရာရတယ်။ ဆေးရုံကို ယူတဲ့အခါ ၁ ဦးထပ်သေတယ်။”
မောင်နေမျိုးလင်း (၁၆ နှစ်) အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးအား စစ်တွေဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်မှာ မျိုးနိုင်ဦး (၉ နှစ်) သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူ မောင်ဘပြည့်အောင် (၁၄ နှစ်)၊ မောင်နေစိုးလင်း (၁၂ နှစ်) တို့ ၂ ဦးအား ကူတောင်တိုက်နယ်ဆေးရုံနဲ့ မောင်ဖုန်းငြိမ်းလင်း (၁၅ နှစ်) နဲ့ မောင်ဇော်နိုင် (၁၄ နှစ်) တို့ကိုတော့ စစ်တွေဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၈ ရက်ကလည်း ကျေးရွာအနီး နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲတာကြောင့် ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာနေ အသက် ၆၆ နှစ်အရွယ် ဦးမောင်ကျော်သန်း သေဆုံးသွားခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်ကလည်း အမ်းမြို့နယ် ကဇူးကိုင်းအုပ်စု သဲကမ်းထောင်းရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသား ၅ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
မိုင်းနဲ့ လက်နက်ကြီးကြွင်းကျန်တွေ ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ အရပ်သား သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၈ ဦး ရှိတယ်လို့ စစ်ရှောင်များအရေး ဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လင်းလက်