ပဲခူးယာဉ်လိုင်းအချို့ စည်းကမ်းမလိုက်နာဘဲ ခရီးသည်များပိုတင်နေ
DVB
·
July 31, 2020
ပဲခူးတိုင်းအတွင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို ကားခ ပိုကောက်စေပြီး တင်ဆောင်ခွင့်ပြုတဲ့ ခရီးသည်ရဲ့တစ်ဝက်လျှော့ကာ ပြေးဆွဲခွင့်ပေးထားပေမယ့် လိုက်နာမှု မရှိဘူးလို့ ခရီးသွား ပြည်သူတွေက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရ ထုတ်ပြန်ထားချက်အရ ခရီးသည် ၂၄ ဦးစာ ထိုင်ခုံပါတဲ့ ယာဉ်တွေဟာ ခရီးသည် ၁၂ ဦးကိုသာ ခုံနေရာခြား တင်ဆောင်ရမှာဖြစ်ပြီး ဂိတ်စဂိတ်ဆုံးကို အရင်က ခရီးသည်တစ်ဦးကို ကျပ် ၂၅၀၀ ကောက်ခံရာက ယခုအခါ ကျပ် ၃၈၀၀ တိုးမြှင့် ကောက်ခံတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေက စည်းကမ်းလိုက်နာမှုမရှိဘဲ ခရီးသည်တွေထံကနေ တိုးမြှင့်ကောက်တဲ့စျေးအတိုင်း တောင်းခံတဲ့အပြင် ထိုင်ခုံခြား တင်ဆောင်ခြင်းမရှိပဲ လူအပြည့် ထိုင်ခုံအပြည့်တင်ဆောင်ကြတယ်လို့ ခရီးသွားပြည်သူ ဦးအောင်ဝင်းက ပြောပါတယ်။
“တိုင်းအစိုးရက သူတို့သတ်မှတ်ထားတဲ့အတိုင်းလည်း အရေယူမဆောင်ရွက်နိုင်ဘူး။ မဆောင်ရွက်နိုင်ရင်လည်း ပိုက်ဆံပိုမကောက်နဲ့လေ၊ ပြည်သူတွေ စီးပွားရေးအဆင်မပြေရတဲ့အထဲ ကားခပိုကောက်ပြီး လူပိုတင်တော့ ပြည်သူတွေ ဝန်ပိုပိတာပေါ့”
ကိုဗစ်ကပ်ဘေးကာလမှာ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ လူအပြည့်၊ ထိုင်ခုံအပြည့်တင်ဆောင်နေကြတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
လူအပြည့်၊ ကားအပြည့်တင်ဆောင်တာတွေကို ထိန်းချုပ်နိုင်ဖို့ တိုင်းအဆင့်၊ မြို့နယ်အဆင့် အာဏာပိုင်တွေ နယ်မြေကွင်းဆင်းကာ ဆောင်ရွက်ကြပေမဲ့ အရပ်သားအဖွဲ့စည်းဖြစ်တာကြောင့် အောင်မြင်မှုမရရှိနိုင်ဖြစ်နေပြီး ဒါတွေကို ထိန်းချုပ်နိုင်ဖို့ ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ယာဉ်ထိန်းရဲတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်လို့ BRTA ပဲခူးတိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေကြီးကြပ်မှုအာဏာပိုင်အဖွဲ့ဝင် ဦးထွန်းမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။
ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီနဲ့ BRTAအဖွဲ့မှာ အင်အားနည်းတာကြောင့် ယာဉ်မောင်နဲ့ ယာဉ်နောက်လိုက်တွေရဲ့ မထီမဲ့မြင် ပြုမူတာတွေ၊ ယာဉ်တွေကို မောင်းပြေးတာတွေကြောင့် ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်ဖို့နဲ့ အင်အားတိုးပြီး ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးကို တင်ပြထားတယ်လို့ ဆိုပါတယ်။
BRTAအဖွဲ့ဝင် ဦးထွန်းမြင့်က "သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ တင်ဆောင်ခွင့်တွေကတော့ ကိုဗစ်ကာလ အထိပါပဲ၊ လိုက်နာမှုမရှိတဲ့ ယာဉ်တွေကို ဖမ်းမိတာနဲ့ ထိထိရောက်ရောက်အရေးယူနေပါတယ်၊ ဒဏ်ရိုက်တာတွေ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ယာဉ်မောင်းခွင့်နဲ့ ယာဉ်နောက်လိုက်ခွင့် ပိတ်တာတွေလုပ်ပါတယ်။"လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဖို့ ရည်ရွယ်လုပ်ဆောင်တာကို ကြိုဆိုပေမယ့် ခုအချိန်ဟာ အလုပ်အကိုင်အရောင်းအဝယ်တွေ မကောင်းတာကြောင့် ခရီးသွားပြည်သူတွေ ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေသလို၊ တာဝန်ရှိသူတွေအနေနဲ့သတ်မှတ်ချက်အတိုင်းဆောက်ရွက်နိုင်ခြင်းမရှိတာကြောင့်
ယာဉ်စီးခတွေ ပြန်လည်လျှော့သင့်တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
နေလင်းထိုက်