အမ်းမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲပြီး ၂ ဦးသေ၊ ၁ ဦးဒဏ်ရာပြင်းထန်ရ
ဝဏ္ဏခွာညို
·
July 31, 2020
ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာအနီးမှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် ဒေသခံကျေးရွာသား နှစ်ဦးသေဆုံးသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲခဲ့တာကြောင့်သေဆုံးသွားသူမှာ ဦးမောင်တင် (၆၀)နဲ့ ကိုဆူပါချေ (၃၀)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသွားသူကတော့ ဦးဆန်းဝင်း (၄၈)နှစ်ဖြစ်စ်ပါတယ်။
ဒဏ်ရာရရှိသွားတဲ့ ဦးဆန်းဝင်းကိုတော့ တပ်မတော်သားတွေက ဆေးကုသဖို့ အမ်းစစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ဇူလိုင် ၂၉ ရက် မနက်ပိုင်းက ဦးမောင်တင်ဟာ ကျေးရွာနဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ မိမိဥယျာဉ်ကို တညှင်းသီးခူးဖို့ သွားရောက်ရာမှာ မနက် ၉ နာရီလောက်က မိုင်းပေါက်ကွဲခဲ့တာကြောင့် သေဆုံးသွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
အမ်းမြို့နယ်မှာ လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ ကိုမျိုးလွင်က“ သူကဥယျာဉ်ကို ဒညှင်းသီးခူးဖို့သွားတယ်။ သူသွားပြီးနောက် ၉ နာရီ လောက်မှာ ရွာသားတွေက မိုင်းပေါက်ကွဲ သံတစ်ခုကြားလိုက်ကြတယ်လို့ပြောတယ်။ မိုင်းကွဲသံတွေက အဲဒီနေရာတွေမှာ မကြာခဏ ကြားနေရတော့ ရွာသားတွေကသတိမထားမိကြဘူးလေ။ ညနေပိုင်းလောက်ရောက်တော့ အိမ်ကိုပြန်မရောက်လာလို့ ရွာသားတွေကသွားရှာကြတော့သူသေနေတာကို တွေ့ရတယ်” လို့ပြောပါတယ်။
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို ကျေးရွာသားတွေက သွားသယ်စဉ် နောက်ထပ်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့လို့ ကိုဆူပါချေနဲ့ ဦးဆန်းဝင်းတို့ ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကိုဆူပါချေမှာဒဏ်ရာပြင်းထန်ကာ သွေးထွက်လွန်သွားခဲ့တာကြောင့် ရွာကိုသယ်ယူလာစဉ်မှာပင် သေဆုံးသွားခဲ့တယ်လို့ ကိုမျိုးလွင်ကပြောပါတယ်။
“သေသွားတဲ့ရုပ်အလောင်းကိုသွားယူစဉ် မိုင်းတစ်လုံးထပ်ပေါက်ကွဲပါတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်။ သူတို့ကိုရွာကို သယ်ယူလာစဉ်မှာ တစ်ဦးကသွေးထွက်လွန်လို့ သေသွားတာ။”လို့ ကိုမျိုးလွင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြေမြုပ်မိုင်းပေါက်ကွဲပြီး သေဆုံးသွားသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသွားသူ ၅၇ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားများအစည်းအရုံး (REC)ရဲ့ စားရင်းအ ရသိရပါတယ်။