မကွေးတိုင်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဝန်ထမ်း မလုံလောက်
DVB
·
July 30, 2020
မကွေးတိုင်းအတွင်းမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးဝန်ထမ်း လုံလောက်မှု မရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အစိုးရစတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက "မကွေးတိုင်းဒေသကြီး အတွင်းမှာ အလကခွဲကနေ အထကအဆင့် ထိကျောင်းပေါင်း ၁၀၀၀ ကျော်ထိ အဆင့်တိုးမြှင့်ပေး ခဲ့ပေမဲ့ ဆရာ၊ဆရာမတွေ လုံလောက်အောင် မခန့်ထားနိုင်ဘူး”လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ ဆရာဝန်လိုအပ်ချက် ၁၀၀ ကျော်ရှိနေပြီး တိုက်နယ်ဆေးရုံ ၄ ခုအနက် နတ်မောက်မြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က တိုက်နယ်ဆေးရုံတွေမှာသာ ဆရာဝန်ချထားပေးနိုင်သေးတယ်လို့ သိရပါတယ်။
ဒါအပြင် လုံခြုံရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ စံနှုန်းအရ ပြည်သူ ၄၀၀ ကို ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်း သတ်မှတ်ထားပေမယ့် ပြည်သူ ၁၂၀၀ ခန့်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးသာ တာဝန်ယူနေရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေး၊ ပညာရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားမှု ပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အစိုးရ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
သတင်း-မင်းထီး