အင်္ဂပူမြို့နယ်တွင် ကျည်ဆန်ပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး
DVB
·
July 29, 2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းအပိုင် ခုံကြီးကျေးရွာ အုပ်စုမှာ ဇူလိုင် ၂၈ ရက်မွန်းလွဲပိုင်းက ကျည်ဆန်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇေယျာထွန်းကတော့ "မနေ့ဖြစ်သွားတာ၊ ကျနော်အထင်တော့ ဒုံးကျည်ဆန်နောက်ပိုင်းက ဟာကို ဓားခွေးလုပ်ဖို့ ထုဖြတ်ပုံပဲ။ ဘာဖြစ်လိုလည်းဆိုတော့ လက်နှစ်ဖက်လုံး ပြတ်ထွက်သွားတယ်၊ ရင်အုံလည်း ပွင့်သွားတယ်။ တပ်မတော် လေ့ကျင့်ရေး စက်ပစ်ကွင်းနဲ့နီးတော့ မျောမျက်ပါလာတာဖြစ်နိုင်တယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။
သေသွားတဲ့သူကတော့ လှံထိုးကုန်းကျေးရွာဇာတိဖြစ်ပြီး တောထဲမှာ နေတဲ့ ဝါးခုတ်သစ်ခုတ်သမားတစ်ဦးဖြစ်တယ်လို့ ခုံကြီးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကပြောပါတယ်။
အလားတူဖြစ်စဉ်မျိုး ခုံကြီးကျေးရွာအုပ်စု မကျီးပင်ကွင်းမှာ အရင်က ဖြစ်ပွားခဲ့ဖူးပါတယ်။ ကျည်ဆန်ရဲ့ နောက်ပိတ်ကို ဓားခွေးလုပ်ဖို့ လွှနဲ့တိုက်ဖြတ်ရာက ပေါက်ကွဲပြီး လူသေတာနဲ့ ထမ်းလာပြီး ကြိုးပြတ်ကျလို့ လူသေတာတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
အင်္ဂပူမြို့နယ်မှာ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တည်ရှိပြီးတော့ ဒေသအခေါ် ကျောက်ပြင်စမ်းတောထဲမှာလည်း ပစ်ကွင်းရှိပါတယ်။
သတင်း- သန်းထိုက်မြင့်