ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ၁၃ ဦးခန့်ဝင်ပြိုင်မည်
DVB
·
July 27, 2020
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ၅ မြို့နယ်လောက်မှာ ကိုယ်စားလှယ်လောင်း ဦးရေ ၁၃ ဦးလောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ပါတီအတွင်းရေးမှူး ခွန်စိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
“ ကျနော်တို့ ပင်လောင်း ၊ ဟိုပုံး ၊ ဆီဆိုင် ၊ ရပ်စောက် ၊ တောင်ကြီး ၅ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ လျာထားပါတယ်ခင်ဗျ။ အခုလောလောဆယ် လွိုင်လင်မြို့နယ်က ကိုယ်စား လှယ်လောင်းအမည်စောင့်နေပါတယ်။ လွိုင်လင်က စာရင်းရောက်ရင်တော့ ၆ မြို့နယ်ပေါ့။ ကိုယ်စားလှယ်လောင်း ၁၃ ယောက်လောက်ရှိလိမ့်မယ်။ လာမယ့်အစည်းအဝေးမှ အတည်ပြုမှာပါ။”
ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေးနဲ့ ပအိုဝ်းပြည်နယ် ဖော်ထွန်းရေးဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ၁၉၅၀ ဩဂုတ် ၂ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။
၁၉၅၂ ရွေးကောက်ပွဲမှာ ညောင်ရွှေအရှေ့ဘက်ခြမ်း မဲဆန္ဒနယ်၊ မိုင်းပွန်မဲဆန္ဒနယ်၊ ရပ်စောက်မဲ ဆန္ဒနယ်တို့မှာ အနိုင်ရရှိခဲ့ပြီး ၁၉၅၆ ရွေးကောက်ပွဲမှာ လွိုင်လုံ၊ သာမိုင်ခမ်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမဲဆန္ဒနယ်တွေကနေ အနိုင်ရရှိခဲ့ပါတယ်။