ရှမ်းနီလူငယ် ၂ ဦး သတ်ဖြတ်ခံရမှု ကေအိုင်အေ စစ်ဆေးနေ
DVB
·
July 24, 2020
ရှမ်းနီလူငယ် ၂ ဦးသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး တပ်ဖွဲ့ဝင် ၂ ဦးကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ပထမနှစ် တက္ကသိုလ်ကျောင်းသား မောင်သန့်ဇင်အောင်နဲ့၊ ၁၇ နှစ်အရွယ် ၉တန်းကျောင်းသား မောင်ဇော်မျိုးဦးတို့ကို ဇူလိုင် ၆ ရက်နေ့ညက ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာမှာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ တိုင်းလိုင်(ရှမ်းနီ)အ မျိုးသားများဖွံ့ဖြိုးတိုး တက်ရေးပါတီနဲ့ ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီတို့က ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီလုပ်ရပ်ကို ရှုတ်ချတဲ့အကြောင်း၊ သူတို့တွေရဲ့အလောင်းတွေကိုပြန်ပေးဖို့နဲ့ သေဆုံးသူတွေရဲ့ လူမှုနစ်နာကြေးအပါအဝင် မိသားစုဝင်တွေ ကျေနပ်တဲ့ အထိ ကေအိုင်အေ ဘက်က အများပြည်သူရှေ့မှာ တောင်းပန်ဖို့ဆိုတဲ့ အချက်တွေအပါအဝင် တာဝန်ယူ ဖြေရှင်းဖို့ ရှမ်းနီပါတီတွေရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
အခုထုတ်ပြန်ချက်မှာ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေက မူအားဖြင့်လုပ်ပေးနိုင်တဲ့ အချက်တွေဖြစ်ပေမဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်မှုကိုတော့ သူ့အနေနဲ့ မသိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီကိစ္စဟာ ရှမ်းနီနဲ့ ကချင်တိုင်းရင်းသားတွေအကြား လူမျိုးရေးပြဿနာမဟုတ်ဘဲ ကေအိုင်အေတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူကြားက ပြဿနာသာဖြစ်တယ်လို့လည်း ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောပါတယ်။