Home
မြန်မာသတင်း
မကွေးတိုင်းက စားဝတ်နေရေးခက်ခဲနေသည့် မသန်စွမ်းသူများကို အခြေခံစားကုန်ထောက်ပံ့
DVB
·
July 21, 2020
110340477_2372544986380282_2429605579415670819_o
110313278_2372545206380260_3049134704000162675_o
110007473_2372545639713550_4305383931663333965_o
109467408_2372544576380323_2226309352863804458_o
109027635_2372544883046959_8659715878858113389_o
မကွေးတိုင်းဒေသကြီးအတွင်းမှာ စားဝတ်နေရေးအခက်အခဲတွေ့နေတဲ့ မသန်စွမ်းသူ ၁၅၀ ဦးကို ဇူလိုင် ၂၀ ရက်နေ့မနက်ပိုင်းက အခြေခံစားကုန်တွေနဲ့ ကိုဗစ်-၁၉  ရောဂါ အကာကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကနေ သိရပါတယ်။ မကွေးတိုင်းမှာ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ရုံးခွဲအနေနဲ့ မကွေး၊ မိကျောင်းရဲ၊ စလင်း ရုံးခွဲ သုံးခုရှိပြီး  ရုံးခွဲတစ်ခုကို ဦးရေ ၅၀ နှုန်းနဲ့ စုစုပေါင်း ၁၅၀ ဦးကို ထောက်ပံ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မကွေးရုံးခွဲ)ဥက္ကဋ္ဌ ကိုနေစိုးလင်းက "ထောက်ပံ့တဲ့ပစ္စည်းတွေကတော့ တစ်ဦးကို ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာ ၂၀၀၀၀ ကျပ်ဖိုးစီ အပြင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးတာ" လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေးရုံးခွဲ) တွဲဖက်အတွင်းရေးမှူး မဇွန်ပွင့်ဖြူ က "ကိုဗစ် ကာလအတွင်းမှာ မသန်စွမ်းသူတွေအနေနဲ့ စားဝတ်နေရေး အခက်ခဲဖြစ်ကြတဲ့ အထဲကနေ တော်တော်ကြီးကို အဆင်မပြေတဲ့သူတွေကို ကျေးရွာတွေထိ သွားရောက် ထောက်ပံ့ပေးတာ။ တချို့ဆိုရင်လည်း မိဘတွေမရှိတော့ဘဲ စားသောက်ဖို့ အခက်ခဲရှိကြတဲ့ မသန်စွမ်းတွေကို စိစစ်ရွေးထုတ်ပြီးမှ ထောက်ပံ့ပေးတာ"လို့ ပြောပါတယ်။ မကွေးမြို့နယ် မသန်စွမ်းသူ မချယ်ရီဖြိုး က "အလုပ်လုပ်နိုင်တဲ့ မသန်စွမ်းတွေ အနေနဲ့ အဆင်ပြေကြပေမဲ့ အလုပ်မလုပ်နိုင်ကြတဲ့ သူတွေအတွက် ရပ်တည်ဖို့ ခက်ခဲလို့ အခုလို ထောက်ပံ့ပေးတာ အရမ်းဝမ်းသာပါတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှာ နယ်ရုံးခွဲပေါင်း ၂၉ ခုရှိပြီးတော့ ကိုဗစ်-၁၉  ကာလ အတွင်းမှာ ပထမဆုံးအကြိမ် ထောက်ပံ့ပေးတာဖြစ်ပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024