၂၀၂၀ ရွေးကောက်ပွဲတွင် မဲဝယ်ယူမှုများရှိပါက တိတိကျကျ တိုင်တန်းနိုင်
DVB
·
July 21, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဝယ်ယူတာတွေ ရှိပါက တိတိကျကျ တိုင်တန်းနိုင်တယ်လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
“မဲဝယ်တာတွေရှိလိမ့်မယ် ဘယ်လိုလုပ်မလည်းဆိုတာ မေးတာတွေရှိတာပေါ့။ အဲဒါတွေက သူတို့ကလည်း ပြောတယ်။ ကောင်တာကြီးဖွင့်ပြီး ရောင်းနေတာ မဟုတ်တဲ့အတွက် ကျနော်တို့ ဘက်ပြောရင်လည်း ကိုယ်လည်းမြင်ရတာ မဟုတ်ဘူး။ မဲဝယ်တယ်ဆိုတဲ့ ကိစ္စတွေ၊ သေချာလို့ရှိရင် အဲဒါ တရားမဲ့ပြုကျင့်မှုထဲမှာ ပါသွားမှာပေါ့။ ကော်မရှင်ဥပဒေမှာ တရားမဲ့ ပြုကျင့်မှုဆိုတာ အများကြီးပဲ သေချာပြဋ္ဌာန်း ထားတာ။ သေချာရင် တရားမဲ့ပြုကျင့်မှုထဲက ဘယ်လို လုပ်တယ်ဆိုတာကို သေချာတိုင်လို့ရှိရင်တော့ရတယ်”
မဲ၀ယ်တာနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ တိတိကျကျ ညွှန်ကြားချက် ထုတ်ပေးသင့်တယ်လို့ ပြည်သူ့ပါတီ တိုင်းဥက္ကဋ္ဌဦးသီဟ က ပြောပါတယ်။
“မဲဝယ်တယ်ဆိုတာ ပိုက်ဆံနဲ့ဝယ်တာရှိတယ်။ နောက်တခါ ပစ္စည်းတွေနဲ့ပေးပြီးတော့ လာဘ်ပေးလာဘ်ယူလုပ်တာ သွယ်ဝှက်သော နည်းနဲ့လုပ်တဲ့ဟာပေါ့။ ဒါတွေတော့ ကြုံခဲ့တာတွေ ရှိတယ်။ ကော်မရှင်ကို တိုင်တန်းတဲ့အထိမရောက်ဘူး”
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက တိုင်းအတွင်းရေးမှူး ဦးသန်းဝင်းထွန်းကတော့ “မဲဝယ်တဲ့ဟာမျိုးတွေ ရှိတယ်လို့တော့ တချို့ပါတီတွေက တင်ပြပါတယ်။ ဒါပေမဲ့ မဲဘယ်လို ဝယ်ဝယ် ပိုက်ဆံနဲ့ဘယ်လိုပေးပေး ပြည်သူရင်ထဲက ဆန္ဒကို ပိုက်ဆံနဲ့ ပေးဝယ်လို့ မရဘူးလို့တော့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ပိုက်ဆံဘယ်လိုပေးပေး မဲရုံထဲရောက်ရင် ပြည်သူက သူရင်ထဲကဆန္ဒအတိုင်းဘဲ ထည့်သွားတာများပါတယ်”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံပွဲကို ဇူလိုင် ၁၅ ရက်နေ့မှာ တိုင်းကော်မရှင်အဖွဲ့ခွဲရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
ဧရာဝတီတိုင်း ဒေသကြီးမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ပါတီ ၁၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။