Homeမြန်မာသတင်း
ဘော်ဒါဆောင်များ မဖွင့်သေး၍ မင်းကင်းမြို့ပေါ် ပညာသင်မည့် နယ်ကျောင်းသား/သူများ အခက်ကြုံ
ဘော်ဒါဆောင်များ မဖွင့်သေး၍ မင်းကင်းမြို့ပေါ် ပညာသင်မည့် နယ်ကျောင်းသား/သူများ အခက်ကြုံ
DVB
·
July 19, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြို့ပေါ်မှာ ကျေးလက်ဒေသကနေ အခြေခံပညာအထက်တန်း လာရောက်သင်ကြားမဲ့ ကျောင်းသား/သူတွေ ဘော်ဒါဆောင်မရှိတာကြောင့် အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်တွေကလို ဘော်ဒါဆောင်တွေကို ဖွင့်ခွင့်မပေးသေးတာကြောင့် နယ်က(ကျေးလက်ဒေသ) လာရောက်ပညာသင်ယူကြတဲ့ ကျောင်းသား/သူတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် နေ့ချင်းပြန်တက်ရောက်ဖို့လည်း အဆင်မပြေကြတာကြောင့် အခက်အခဲဖြစ်နေကြတာပါ။
မင်းကင်းမြို့မှာ တည်းခိုစရာ အဆောင်သီးသန့်မရှိတာရယ်နဲ့ တည်းခိုစရာအဖြစ် အသုံးပြုနေရတဲ့ ဘော်ဒါဆောင်တွေကလည်း ပိတ်ထားတာကြောင့် အခက်အခဲ ကြုံနေတာလို့ မင်းကင်းမြို့ခံ ဦးစိုးလင်းမောင်က ပြောပါတယ်။
“အဲဒီတခုကို တာဝန်ရှိတဲ့သူတွေက ကိုဗစ်-၁၉ နဲ့ပတ်သက်တာဖြစ်တဲ့အတွက် ဟိုတယ်-အင်း တွေမှာ ဖြေလျော့သလိုမျိုး ဘော်ဒါဆောင်တွေကိုလည်း WHO က သတ်မှတ်ချက်တွေ၊ မြန်မာနိုင်ငံ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်တွေအတိုင်း လိုက်နာပြီး ဖွင့်ခွင့်ပေးလိုက်မယ်ဆိုရင် မင်းကင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အားလုံးအဆင်ပြေမယ်" လို့ ပြောပါတယ်။
မင်းကင်းမြို့ (အထက) မှာ ကျောင်းသား ၁၀၀၀ ကျော်ရှိပေမဲ့ မြို့ပေါ်က ၁၀၀ ကျော်သာရှိပြီး နယ်ဒေသတွေက ၉၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။