ရသေ့တောင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွား၊ ဒေသခံ ၃ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
July 16, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွားအနီးမှာ ဒီမနက် ၉ ကျော်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောက်တန်းကျေးရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
ဒေသခံလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက “ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ကြတယ်။ ညနေအထိ ၄ နာရီအထိ တပ်မတော်တပ်ရင်းတွေက လက်နက်ကြီးတွေပစ်ခတ်နေတယ်။ ဒေသခံတွေပြောဆိုချက်အရကတော့ ဒေသခံ သုံးဦးဒဏ်ရာရတယ်လို့ ကြားရပါတယ်။” လို့ ပြောပါတယ်။
မွန်းတည့် ၁၂ နာရီအချိန်မှာ တပ်မတော်လေကြောင်းက လေယာဉ်နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို နာရီဝက်ကြာတဲ့အထိ တိုက်ခိုက်ခဲ့တာကြောင့် လယ်ကွင်းမှာလယ်လုပ်နေကြတဲ့ ကျောက်တန်းကျေးရွာသားတွေက ရွာအတွင်းကို ပြေးလာခဲ့ချိန်မှာ လက်နက်ကြီးကျည်စတွေ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တန်းကျေးရွာသူတစ်ဦးက ပြောပါတယ်။
ကျောက်တန်းကျေးရွာနေ အမျိုးသမီးတစ်ဦးက” တိုက်ပွဲက အောင်သာစည်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ပြီးတော့ ၁၁ နာရီအချိန်မှာ ရသေ့တောင်တပ်မက နေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်။ ထီးစွဲကျေးရွာကလည်း လက်နက်ကြီးတွေနဲ့လှမ်း ပစ်ပါတယ်။ လက်နက်ကြီး ပစ်ခတ်တာ အကြိမ်တစ်ရာကျော်တယ်”လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေမှ ခုအချိန်ထိ ကျေးရွာမှာရှိနေပြီး ထီးစွဲကျေးရွာက လှမ်းပစ်နေတဲ့ လက်နက်ကြီးတွေက ပစ်ခတ်တာတွေ မရပ်တန့်တာကြောင့် သွားရောက်ကယ်ထုတ်ဖို့ အခက်အခဲဖြစ်နေကြသလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ကျောက်တန်းကျေးရွာ ဘုန်းတော်ကြီးအတွင်းရှိ ကျောင်းဆောင်တချို့နဲ့ နေအိမ်တွေ ပျက်ဆီးသွားတယ်လို့ လည်း သိရပါတယ်။
ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက” တိုက်ပွဲဖြစ်တာမှန်ပါတယ်။ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်တယ်လို့ ဒေသခံတွေကဖုန်းဆက်ပြောကြပါတယ်။ ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ ကျမ မသိရသေးဘူး။” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ကျောက်တန်း ကျေးရွာသား ဦးမောင်လှ (၄၆) နှစ်က ဘယ်ဘက်ဒူးဆစ် မှာ ဒဏ်ရာရပြီး ဦးကျော်သန်း (၅၀) နှစ်က ဘယ်ဘက် လက်မောင်းနဲ့ ဦးမောင်လှ (၄၀)နှစ်ဗိုက်မှာ အသီးသီးဒဏ်ရာရရှိသွားခဲ့တာပါ။
အခုတိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။