၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ ၄၀၀၀၀ ကျော် အသုံးပြုမည်
DVB
·
July 15, 2020
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော်ထားရှိဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အထူးရဲခန့်ထားမှုတွေရှိခဲ့ပြီး အခုရွေးကောက်ပွဲ မှာတော့ အထူးရဲ ၄၀၀၀၀ ကျော်လောက် ခန့်ထားဖို့ရှိနေတယ်လို့ ဒီကနေ့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံ ညှိနှိုင်းမှုအပြီးမှာ ပြောကြားခဲ့တာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ပြည်ထဲရေး ဝန်ကြီးဌာနက အထူးရဲတွေ လေးသောင်းကျော်လောက်၊ လုံခြုံရေးအတွက် ပြည်ထဲရေးဝ န်ကြီးဌာနက သေသေချာချာဘယ်လိုတွေဆောင်ရွက်မယ်ဆိုပြီးတော့ အထူးရဲတွေခန့်မယ်၊ သင်တန်းတွေပေးမယ်ဆိုပြီးတော့ လုပ်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးအေး နဲ့ မဲပေးနိုင်ရေးအတွက်ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းတိုင်ပင်ထားတယ်လို့ဆိုပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနကျပြန်တော့လည်း ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ အဲ့ဒီအချိန်အခါမှာ ဘယ်လိုရှိမလဲ၊ အခုက ဘယ်လိုရှိမလဲ၊ လျော့သွားမလား၊ တိုးသွားမလား၊ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ မဲဆန္ဒရှင်တွေ စိတ်ချလုံခြုံအောင် ဘေးကင်းစွာနဲ့ မဲဆန္ဒ တို့ပေးမယ်ဆိုပြီးတော့ စိတ်အေးချမ်းသာစွာနဲ့ပေးနိုင်အောင်လို့ ဆောင်ရွက်သွားပါမယ်” လို့လည်း ဦးမြင့်နိုင်က ပြောပါတယ်။
အထွေထွေရွေးကောက်ပွဲကုန်ကျစရိတ်အနေနဲ့ ကျပ်ငွေဘီလီယံ ၅၀ ခန့်အသုံးပြုသွားဖို့ရှိနေပြီး အဲ့ဒီဘတ်ဂျက်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထူးရဲခန့်ထားဖို့အတွက်လည်း ပါဝင်နေပါတယ်။
အထူးရဲတွေအနေနဲ့ သင်တန်းတစ်ပတ်တက်ရောက်ရမှာဖြစ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက်သာဆောင်ရွက်ရမှာဖြစ်ကာ မဲရုံတစ်ရုံကို တစ်ဦးနှုန်း ထားရှိသွားဖို့ရှိနေတာပါ။ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း ၄၀၀၀၀ ကျော်လောက် ဖွင့်လှစ်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)