တရားမဝင် ဝင်ရောက်လာသည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံသား ၁၀ ဦး ဖမ်းဆီးရမိ
DVB
·
July 15, 2020
နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၄ ရက်မနက် ၈ နာရီလောက်မှာ ကြာတိမော်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာ လောက်ကိုင်မြို့မှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို တပ်မတော် ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးခဲ့ရာမှာ ဖျားနာ၊ မောပန်း၊ နှာစေး/ ချောင်းဆိုး ကိုယ်အပူချိန်မြင့်မားတာ မတွေ့ရတဲ့အကြောင်းနဲ့ တရားဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ဖို့ တာရွှေထန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ ထွက်မှုကို စစ်ဆေးစဉ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီလောက်က ခမ်းပတ်မြို့မှ တမူးမြို့သို့ မောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်တဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးကို တွီဗန်ကျေးရွာနေ မတင်ဇနိန့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရဆောင်ရွက်နိုင်ရေး တမူးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ- DISINFO