Home
မြန်မာသတင်း
လွိုင်ကော်မြို့ပေါ်တွင် မွေးမြူရေးဝက်များ ခန္ဓာကိုယ်အနှံ့ အနီကွက်ဖြစ်ပြီး သေဆုံးနေ
နော်နိုရင်း
·
July 14, 2020
107768304_10220476049024636_6348695547925472943_n
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်က နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ မွေးမြူထားတဲ့ ဒေသဝက်တွေ ခန္ဓာကိုယ်အနှံ့ အနီကွက်တွေထွက်ပြီး သေဆုံးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဝက်တွေ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာ မသိရသေးကြောင်းနဲ့ ဝက်မွေးမြူသူတွေကို ရပ်ကွက်ရုံးကိုခေါ်ယူ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်နေ့အထိ နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ ဝက် ၁၂ ကောင် သေဆုံးခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှား ဦးကျော်လတ်က ပြောပါတယ်။ “ကျနော်တို့ဆီမှာ အုပ်စု (၇)ပေါ့ သူက ၁၅ ကောင်မွေးထားတာ။ တိုင်းရင်းဝက်တွေပါဘဲ။ ၁၅ ကောင်မွေးတဲအချိန်မှာ သူက ဇူလိုင်လ ၅ ရက်နေစပြီးတော့ ရောဂါဖြစ်ပွားတာ။ ကျနော်တို့ကတော့ ၁၁ ရက်နေ့မှာ ထွေအုပ်အစည်းအဝေးလုပ်တယ်။ ၁၂ ရက်နေ့မှာ သတင်းရလို့ သွားကြည့်တော့ ဝက်က ၁၅ ကောင်မွေးထားတာ ကျနော်တို့သွားကြည့်တဲ့အချိန်မှာ ၁၃ ကောင်ပဲကျန်တယ်။ မနေ့ကတော့ နေမကောင်းဘူးကျန်တဲ့ကောင်က။ ရောဂါလက္ခဏာကတော့ အနီစက်လေးတွေကို ကျနော်တို့ တွေ့ရှိရပါတယ်။” ဒီလိုဝက်သေဆုံးမှုနဲ့ပတ်သက်ပြီး တိမွေးကုကို အကြောင်းကြားထားပေမယ့် ကွင်းဆင်း စစ်ဆေးတာ မရှိသေးဘူးလို့လည်း ပြောတယ်။ “တိမွေးကို ကျနော် အကြောင်းကြားလိုက်ပြီ။ လာတော့မလာဘူးပေါ့နော်။ သေသွားပြီ ဆိုတော့လည်း သူတို့က ဘာမှလည်း လုပ်လို့မရတော့ဘူးပေါ့နော်။ ကျန်တဲ့ဟာကိုတော့ စနစ်ကျလေးတော့မွေးမြူပေးပါလို့တော့ အဲလိုအကြောင်းကြားတယ်။ ” နမ့်ဘော်ဝမ်ရပ်ကွက်မှာ ဝက်မွေးမြူသူ ၈ ဦးခန့်ရှိပြီး ကျန်ဝက်မွေးမြူသူတွေရဲ့ဝက်တွေက ကျန်းမာနေဆဲပဲလို့ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ အခုလို အိမ်မွေးဝက်တွေ တကောင်စနှစ်ကောင်စ သေဆုံးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဝက် ၁၅ ကောင်ထဲက ၁၂ ကောင်သေဆုံးသွားတဲ့ ဝက်မွေးမြူရေးပိုင်ရှင်ကတော့ ဝက်တွေကို ကာကွယ်ဆေးထိုးထားပေမယ့် ဝက်တွေအန်ပြီး သေဆုံးကုန်တာလို့ ပြောပါတယ်။ “အန်တာတို့ ဘာတို့တော့ရှိတယ်။ ဝမ်းချုပ်တာ ဆီးချုပ်တာတော့ရှိတယ်။ ဆေးတွေဘာတွေ ထိုးထားတယ်။ တပ်ကဆရာတွေနဲ့ ထိုးတာ။ ဝယ်တာတော့ ရှစ်သောင်းလောက်တော့ရှိတယ်။ ၄၅ ရက်ဆိုရင်လေ။ အခုပြန်ရောင်းရင် ဒီအကောင်တွေက ပြန်ရောင်းရင် လေးသိန်းခွဲလောက်ရှိမယ်။ စသေတာတော့ ငါးရက်ခြောက်ရက်ရှိပြီ။ ၁၀ ကောင်ရှိပြီ။ အစာပြတ်ပြီး အန်ပြီးသေတာပဲ။ တစ်ရက်နှစ်ရက်ဆို လိမ်ဖယ်လိမ်ဖယ်နဲ့သေတာပဲ။ စစ်တပ်ကဆရာ ဆေးလာထိုးပေးတယ်။ ထိုးလည်း သေတာပဲ။” သေဆုံးသွားတဲ့ဝက်တွေကို  ကျင်းတူး မြေမြှုပ်ခဲ့တယ်လို့ လည်း ပြောပါတယ်။ လွိုင်ကော်မြို့ ရေနီကန်မှာလည်း  ဇူလိုင် ၁၂ ရက်အထိ ဝက်ကောင်ရေ ၁၆ ကောင်သေဆုံးခဲ့ပြီး များသောအားဖြင့်  အစာမစားနိုင်ဘဲ သေဆုံးသွားခဲ့တာဖြစ်ပေမယ့် ဘာရောဂါနဲ့ သေတယ်ဆိုတာကို မသိရသေးပါဘူး။ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ဇွန်လဆန်းပိုင်းကတည်းက ဝက်တွေနေမကောင်းဖြစ်ပြီး သေဆုံးမှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ဇွန်လကုန်ပိုင်းက လွိုင်ကော်မြို့နယ် ရှမ်းကယားနယ်စပ်ဖြစ်တဲ့ ပီကင်းကောခူကျေးရွာမှာ ရက်ပိုင်းအတွင်း ဝက်အများအပြားသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဓါတ်ခွဲစစ်ဆေးရာမှာ အာဖရိက ဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ဗီဇတွေ့တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024