ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၂၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
DVB
·
July 14, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ဇူလိုင် ၁၂ ရက် မနက် ၁၀ နာရီကျော်က အောင်သပြေကျေးရွာကို သွားတဲ့ မော်တော်ယာဉ်တစ်စီးပေါ်ကနေ ငွေကျပ် ၂၇၃,၂၂၀,၀၀၀ ကျော်တန်ဖိုးရှိ WY နဲ့ R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၃၆,၆၁၀ ပြား ဖမ်းဆီးရမိပါတယ်။
ကျီးကန်းပြင်စစ်ဆေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက “မူးယစ်ဆေး အထုပ်ကြီး ၁၃ ထုပ်ကို ကားရဲ့နောက်ခန်း ကူရှင်နောက်ကျောအိတ်မှာ သိုဝှက်လာတာဗျ။ လူပါ ဖမ်းမိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ လက်ဝယ်တွေ့ရှိသူ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာမှ နေဇာလင်း ( ၁၉ နှစ်) ကို ပြင်ဖြူနယ်မြေစခန်းမှာ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း ကြိမ်ချောင်းကျေးရွာရှိနေအိမ်တစ်အိမ်မှာ ကျပ်သိန်းပေါင်း ၁၃၄၉၀ တန်ဖိုးရှိ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်ကလည်း သီဟိုဠ်ခြံ ရဲကင်းစစ်ဆေးရေးဂိတ်မှာ အငူမော်မှ ငါးခူရကျေးရွာသို့သွားတဲ့ မော်တော်ကား တစ်စီး ပေါ်ကနေ စိတ်ကြွဆေးပြား ၅၇၉၅၀၀ ပြားနဲ့အတူ လူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
လင်းလက်