လားရှိုးအဝေးပြေးကားဝင်းတွင် ပါဆယ်ဖြင့်ပို့မည့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
November 13, 2020
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မူးယစ်ဆေးဝါးတွေကို အဝေးပြေးကားဂိတ်မှ တဆင့် ပါဆယ်နဲ့ ပို့ဆောင်မယ့် အမျိုးသား ၂ ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ နဲ့အတူ နိုဝင်ဘာ ၁၂ နေ့က ဖမ်းမိခဲ့တယ်လို့ လားရှိုးမြို့ ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။
လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ လားရှိုး - ရန်ကုန် ပြေးဆွဲတဲ့ ရာဇာထွန်း အဝေးပြေးယာဉ်လိုင်းသို့ ပါဆယ်ပို့ဆောင်ဖို့ လာရောက်တဲ့ အမျိုးသား ၂ ယောက်ရဲ့ ဂျပ်ဖာတစ်ခုကို ရဲတပ်ဖွဲ့က စစ်ဆေးရာ တရုတ်နိုင်ငံထုတ် Portable Speaker ၉ လုံး အတွင်း ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆၀,၀၀၀ ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ တရားခံ နှစ်ယောက်ကို လားရှိုးမြို့မရဲစခန်းမှာ မယ ( ပ ) ၁၅၉/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ- ၁၉ ( က )/ ၂၀ ( က )/ ၂၁ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ဓာတ်ပုံ- လားရှိုးမြို့ရဲတပ်ဖွဲ့ရုံး