ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
DVB
·
July 12, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက ဓညဝတီရေတပ်စခန်း တပ်မတော်စစ်ကြောင်းတခုက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
တပ်မတော်စစ်ကြောင်းက ကျေးရွာဒေသခံတွေကို စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး လူငယ် ၂ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ စိုင်ခြုံကျေးရွာနေ အမည်မဖော်လိုသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က မနက် ၄ နာရီလောက်မှာ ဓညဝတီရေစခန်းက တပ်မတော်သားတွေ ရွာကို ရောက်လာကြတယ်။ ပြီးတော့ ရွာက လူတွေအကုန်လုံးကို စာသင်ကျောင်းမှာစုခိုင်းပြီးတော့ စစ်ဆေးတယ်။ ပြီးရင် တအိမ်တက် တအိမ်ဆင်း ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာပေါ့။ အဲဒီလိုစစ်ဆေးပြီးတော့ ရွာက လူငယ် ၂ ဦးကို မသင်္ကာလို့ဆိုပြီးတော့ ဖမ်းဆီးခေါ်သွားခဲ့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ခေါ်သွားခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကို ဒီဗွီဘီက မေးမြန်းရာမှာ ဒေသခံတွေအနေနဲ့ ဥပဒေနဲ့အညီနေထိုင်ပါက စိုးရိမ်စရာမလိုဘူးလို့ ပြောပါတယ်။
“သူတို့လုပ်စရာရှိတာ လုပ်ကြမှာပေါ့ဗျာ၊ ဘာများသိချင်လို့လဲ၊ သူတို့ဥပဒေနဲ့အညီနေလို့ရှိရင် ဘယ်သူမှ ဘာမှစိုးရိမ်စရာမရှိဘူး” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တပ်မတော်က လုံခြုံရေးအရ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးကာ သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လွှတ်ပေးတာ ရှိသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ပြီး ရဲစခန်းကို လွှဲပြောင်းပေးတာတွေ ရှိနေပါတယ်။ အဲဒီထဲက ဖမ်းဆီးခံရသူတချို့နဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေ ကြတဲ့ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ပြီး မလုပ်ရဲကြတော့ပဲ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်နောင်