ပုသိမ်မြို့က ဘူတာညစျေး ပြောင်းရွှေ့ရန် ကျပ် ၆၁ သန်းကျော် အသုံးပြုမည်
DVB
·
July 12, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဘူတာညစျေးအား ပြောင်းရွှေ့ဖွင့်လှစ်ဖို့ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေကနေ ကျပ်သန်း ၆၁ ကျော် အသုံးပြုမယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
“ပျံကျစျေးကို ရေရှည် အများပြည်သူသွားလာတဲ့ လမ်းပေါ်လည်း ထိခိုက်မှုမရှိအောင် သွားရေးလာရေးကိုလည်း မထိခိုက်အောင် စျေးသည်တွေလည်း လွတ်လွတ်လပ်လပ်နဲ့ စနစ်တကျ သူတို့ရောင်းချင်တဲ့အချိန်အထိ ရောင်းလို့ရအောင်ဆိုပြီး နေရာရှာပါတယ်။ ရေကြည်မင်္ဂလာကျောင်းအနားက မီးရထားမြေမှာလည်း အကောင်အထည်ဖော်ဖို့ သင့်တော်မယ်ဆိုတဲ့ အသင့်တော်ဆုံးနေရာကို တွေ့ပါတယ်။”
ရေကြည်မင်္ဂလာကျောင်းအနားက မီးရထားမြေကို ငှားရမ်းပြီး ရေမြောင်းတွေ၊ စျေးခုံတွေ ကွန်ကရစ်ခင်းတာ၊ စျေးခြံစည်းရိုးခတ်တာတွေ ပြုလုပ်ပြီး မီးရထားသွားလာမှုနဲ့လည်း အန္တရာယ်မဖြစ်အောင် ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ စည်ပင်ဝန်ကြီးက ဆိုပါတယ်။
“ဒီနေရာမှာတော့ သူတို့က တိုးပြီး ရောင်းချချင်တယ် ဆိုရင်လည်း အချိန်ကိုတိုးပြီး သတ်မှတ်ပေးလို့ရနိုင်တဲ့နေရာ ဖြစ်သွားပြီ။ စျေးသည်တွေ လိုလားချက် သူတို့ ရောင်းဝယ်မှု အဆင်ပြေစေရေးအတွက် ညှိနှိုင်းပြီးတော့ ခွင့်ပြုသွားလို့ရတယ်။”
အောင်ဧရာစျေးရှေ့ (ဘူတာညစျေး) လမ်းပေါ်မှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လောက်က အဓိက အသီးအနှံတွေ ရောင်းချနေကာ ဧပြီ ၁၅ ရက်နေ့က စတင်ပြီး ရောင်းချခွင့် ယာယီပိတ်သိမ်းထားပါတယ်။