ပုဏ္ဏားကျွန်းတွင် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
July 12, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရွာရပ်ကွက်နဲ့ ရထားဘူတာအနီး လမ်းမမှာ မနေ့ညနေ ၇ နာရီဝန်းကျင်လောက်က သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က အတည်ပြုပြောကြားပါတယ်။
သေဆုံးသူမှာ ရွာဟောင်းရပ်ကွက် ဂန္ထဝင်လမ်းမှာ နေထိုင်တဲ့ ဦးဦးရွှေသာ အသက် ၇၅ ဖြစ်ပြီး ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်လို့ ပုဏ္ဏားကျွန်းမြို့ ပြည်သူဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
အသက် ၁၃ နှစ်အရွယ် မနန္ဒာဦးမှာတော့ ညာဘက်ခြေမျက်စိထက်နား ကျည်ထိမှန်သွားတယ်လို့ ဖခင်ဖြစ်သူ ဦးဒွေးလာက ပြောပါတယ်။
“ရထားဘူတာအနီးမှာ ကျနော့်သမီးလေးဟာ သူ့သူငယ်ချင်းအိမ်ကို အသွား သေနတ်သံ ကြားလို့ နေအိမ်ကို ပြန်ပြေးလာတုန်း ညာဘက်ခြေမျက်စိအထက်နားကို ကျည်ထိသွားတာပါ။ ဘယ်သူတွေ ပစ်တယ်ဆိုတာတော့ မသိပါဘူး။”
သေဆုံးသွားတဲ့ ဦးရွှေသာရဲ့အလောင်းကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံမှာ ရင်ခွဲ စစ်ဆေးသွားမှာဖြစ်ပြီး မသန္တာဦးကတော့ အရေးပေါ်လူနာအဖြစ် ဆေးကုသနေရတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိကြောင်းနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
Photo - Ko Thura / MPA