Homeမြန်မာသတင်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ မှ တနိုင်တပိုင် ကုန်ပစ္စည်းများ သွင်းခွင့်ပြုတော့မည်
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ မှ တနိုင်တပိုင် ကုန်ပစ္စည်းများ သွင်းခွင့်ပြုတော့မည်
DVB
·
July 11, 2020
ကိုဗစ်-၁၉ ကာလ ရက် ၁၀၀ ကျော်ကြာ ပိတ်ထားတဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) ကနေ ဇူလိုင်လ ၁၄ ရက်နေ့မှာ စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို တပိုင်တနိုင်သယ်ယူခွင့် ပြုတော့မယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်မြေခံပြည်သူတွေ အိမ်သုံးကုန်၊ စားသုံးကုန်၊ အလှကုန်တွေ သုံးစွဲနိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းပြီး အခုလို ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
“ဒီဘက် ကုန်သွယ်မှုကို စနစ်တကျ စစ်ဆေးချင်တာကြောင့် တံတားနှစ်ခု ခွဲလိုက်တာပါ။ ခွဲလိုက်တဲ့အတွက် ကျနော်တို့မှာ အုပ်ချုပ်မှုတော့ နည်းနည်းခက်တယ်။ တံတား ၁ က မဖွင့်သေးပါဘူး။ တံတား ၁ ပေါ်က ယာဉ်ငယ်တွေနဲ့ ဒေသသုံးကုန်ပစ္စည်း သီးသန့်ကုန်သွယ်ခွင့်ရအောင် စတင်ဆောင်ရွက်နေပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အလှကုန်ပစ္စည်းတွေ ပါမယ်။ ဆေးဝါးကတော့ မပါဘူး။ ကုန်ပစ္စည်း လိုင်စင်လျှောက်စရာမလိုတဲ့ ပစ္စည်းတွေ ပါပါတယ်။ ပစ္စည်းတွေ မှန်၊ မမှန်ကို ကာစတန်က စစ်ပေးတယ်။ စစ်ပြီးရင် ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်တဲ့ဌာနကနေ အခွန်ကောက်ခံတယ်။ တဦးချင်း ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေထဲကပဲ ကုန်သွယ်ခွင့်ပြုထားပါတယ်” ဦးတေဇာအောင်က ပြောပါတယ်။
ချစ်ကြည်ရေး တံတား ၁ မှာ ဒေသသုံးကုန်ပစ္စည်းသီးသန့် ကုန်သွယ်ခွင့်လုပ်နိုင်အောင် ဆောင်ရွက်ပေးတာဖြစ်ပြီး တံတား ၂ ကတော့ ထိုင်းက ပြန်လာတဲ့သူတွေကိုပဲ လက်ခံသွားမယ်လို့ ဆိုပါတယ်။
ယာဉ်ငယ်တစီးကို မြန်မာငွေ ကျပ် ၁၀ သိန်းထက်မပိုတဲ့ ကုန်ပစ္စည်းတွေကို ယာဉ်မောင်းအပါအဝင် နှစ်ဦးသာ သွားလာခွင့်ပြုပေးမယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက်မှာ စီးပွားရေး ကုန်သွယ်မှုအပိုင်း များစွာထိခိုက်နေသလို့ နယ်စပ်သွားလာ ပညာသင်နေတဲ့ ကျောင်းသား ၁၀၀၀ ကျော် ပညာသင်ကြားရေး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။