တက္ကသိုလ်ကျောင်းသား ၁ ဦး ဇွဲကပင်တောင်ပေါ်မှ ခုန်ချသေဆုံး
DVB
·
July 11, 2020
ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်ကနေ တက္ကသိုလ်ကျောင်းသား ၁ ဦး ခုန်ချသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား ၁ ဦး ဇွဲကပင်တောင်ပေါ်က ခုန်ချသွားကြောင်း သတင်းအရ ဘားအံခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ မာဃလူမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ မော်လမြိုင်မြို့ စေတနာ့ဝန်ထမ်းဒရုန်းအဖွဲ့နဲ့ ဘားအံမြို့ မြေစာရင်း ဒရုန်းအဖွဲ့တို့ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ ရုပ်အလောင်းအား တောင်အောက်ခြေမြေပြင်ကနေ ပေ ၆၀၀ ခန့်မြင့်တဲ့ ကမ်းပါးယံမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ကြပြီး ၇ နာရီကျော်လောက်မှာ တောင်ခြေရောက်ရှိပြီး ဘားအံပြည်သူ့ဆေးရုံကြီးကို သူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ဘားအံတက္ကသိုလ်က ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား ခွန်မင်းမော်ကွန်း ဖြစ်ပြီး ဇွဲကပင်တောင် စေတီရင်ပြင်ရှိ မှန်ရင်ပြင်နေရာကနေ ခုန်ချခဲ့တာလို့ သိရပါတယ်။
ဇွန် ၂၅ ရက်နေ့ ညနေပိုင်းကလည်း ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်ကနေ တက္ကသိုလ်ကျောင်းသူ ၁ ဦး ခုန်ချသေဆုံးခဲ့မှု ဖြစ်ခဲ့ပါတယ်။