ရေးမြို့၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန်သေဆုံး
DVB
·
July 10, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ရာဘာခြံတဲမှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းရ သွားရောက်ဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
မူးယစ်တပ်ဖွဲ့စု ၃၉ မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်သားတချို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင် ဇူလိုင် ၈ ရက်နေ့ မနက် ၂ နာရီအချိန်က သွားရောက်ဖမ်းဆီးရာမှာ ရာဘာခြံတဲပေါ်မှာ အဒီ၊ အမိန်း နဲ့ မင်းတင်မွန်တို့ ၃ ဦးနဲ့အတူ စိတ်ကြွဆေးပြား စုစုပေါင်း ၇၄ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဒီရဲ့ အစ်ကိုဖြစ်သူ အချိုင်ဆီကနေ စိတ်ကြွဆေးဝယ်ယူထားတာ စစ်ဆေးပေါ်ပေါက်ပြီး လိုက်လံဖမ်းဆီးရာ စုံနံသာကျေးရွာမှ ဆက်သွယ်ကျေးရွာသွားတဲ့ ရွာချင်းဆက်လမ်း ခြံအတွင်းရှိ တဲကနေ ထွက်ပြေးသွားသူ ၂ ဦးထဲမှ အချိုင်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကြပ်ကြီး မောင်သိန်းမှာ ညာဘက်ပေါင်ရင်း ၁ ချက်နဲ့ ဘယ်ကျော လက်ပြင်အောက် ကျည်ကာအင်္ကျီ ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိတယ်လို့ ရဲအရာရှိက ပြောပါတယ်။
သေနတ်ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီးအား အမှတ်(၅) တပ်မတော် ဆေးရုံကုတင် ၃ဝဝ ကို ပို့ဆောင်ပေးပြီး ဇူလိုင် ၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ချိန်မှာ သေဆုံးသွားခဲ့တာပါ။
ရေးမြို့မရဲစခန်းမှာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးမှုနဲ့ ပက်သက်ပြီး အချိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ရေးထားပြီး ကွင်းဆက်တရားခံတွေကို ရဲတပ်ဖွဲ့က ထပ်မံဖော်ထုတ်ဖမ်းဆီး သွားမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နေမျိုးထွဋ်