လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်စေသည့်စကားများ ဆက်သွယ်ရေးဘက်က ဖယ်ရှားရန် သမ္မတပြော
DVB
·
July 9, 2020
အမုန်းစကားတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ စကားတွေနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေတဲ့ စကားတွေကို ဆက်သွယ်ရေးဘက်က ဖယ်ရှားဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
မနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်တို့နဲ့ တွေ့ဆုံပြီး လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောခဲ့တာပါ။
ဘယ်သူမဆို ဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ မလျော်ဩဇာသုံးတာ၊ လိမ်လည်လှည့်ဖြားတာ၊ လာဘ်ပေးလာဘ်ယူတာ၊ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးဖို့၊ မပေးဖို့ ပြောဆိုတာ၊ ဟောပြောတာ၊ ကြေညာချက်ထုတ်တာ၊ အားပေးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒမဲပေးတာကို ပျက်ပြားစေဖို့၊ ရွေးကောက်ပွဲ ကို ပျက်ပြားစေဖို့ ဟောပြောတာ၊ လှုံ့ဆော်တာ၊ ရေးသားဖြန့်ချိတာ၊ တခြားတနည်းနည်းနဲ့ အားထုတ်ကြိုးပမ်းဆောင်ရွက်တာ စတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကိုလည်း ဥပဒေနဲ့အညီ ကိုင်တွယ်ကြဖို့ သမ္မတက ပြောပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက သမာသမတ်ကျကျလုပ်ဖို့လိုသလို ဆက်စပ်ဝန်ကြီးဌာနအသီးသီးရဲ့ တာဝန်ရှိသူတွေကလည်း ကျရာကဏ္ဍကနေ ပံ့ပိုးပေးကြစေလိုတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ လုံခြုံရေး စီမံခန့်ခွဲမှုအဆင့်ဆင့် ဖွဲ့စည်းတာ၊ နယ်မြေအခြေအနေနဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆီကို ပေးပို့ကြစေလိုတယ်လို့ ပြောပါတယ်။
တပ်မတော်သားတွေ၊ နိုင်ငံပြင်ပရောက်နေသူတွေ၊ မသန်စွမ်းတွေကိုလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ပေးဖို့လိုပြီး ကြိုတင်မဲတွေပေးရာမှာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့၊ ဆန္ဒမဲတွေ ရေတွက်ရာမှာလည်း မဲရုံအဖွဲ့ဝင်တွေ၊ မဲရုံ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေရဲ့ ရှေ့မှာ နည်းလမ်းစနစ်တကျ ပွင့်လင်းမြင်သာစွာ ရေတွက်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။
နိုင်ငံသားတွေ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အသက် ၁၈ နှစ် ပြည့်ပြီး သတ်မှတ်ချက်နဲ့ ညီညွတ်တဲ့ မှတ်ပုံတင်မရှိသေးသူတွေကို စီမံချက်ချပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးစေလိုသလို ဖြစ်နိုင်ရင် အိမ်ထောင်စုလူဦးရေစာရင်းကိုလည်း လုပ်ထုံးလုပ်နည်းနဲ့ အညီ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။