ကွတ်ခိုင်တွင် ဗုံးသီးဟောင်းပေါက်ကွဲ၊ ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရ
နန်းမြနဒီ
·
July 9, 2020
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ထဲမှာ မနေ့က ဗုံးသီးဟောင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
နမ့်ဖတ်ကာရဲ့ အရှေ့ဘက် ၄ မိုင်ကျော်အကွာရှိ ပန်ကိုင်အုပ်စု နမ့်ခွမ်ရွာဟောင်းက ရွာသားတွေဟာ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက တောင်ယာထဲ အလုပ်လုပ်နေစဉ် ရွာသား ၁ ယောက်က ပေါက်ပြားနဲ့ ဗုံးဟောင်း ၁ လုံးကို ပေါက်မိရာမှ ပေါက်ကွဲသွားတာလို့ ဒဏ်ရာရရွာသားတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ နမ့်ဖတ်ကာအခြေစိုက် မေတ္တာရှင်လူမှု ကူညီရေး အသင်း နာယကဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
“ဖြစ်ဖြစ်ချင်း သူတို့က နမ့်ဖတ်ကာပလောင်လူမှုကူညီရေးအသင်းကို အရင်ဆုံးဆက်သွယ်လာ တယ်၊ အဲဒီအသင်းက သူတို့ကို နမ့်ဖတ်ကာတိုက်နယ်ဆေးရုံခေါ်လာတယ်။ အားလုံး ၇ ယောက်၊ ၅ ယောက်က ဗုံးဆန်ကခဲဖတ်တွေ ကိုယ်ထဲကျန်နေတော့ ဖယ်ထုတ်ဖို့ လားရှိုးဆေးရုံကို ပို့လိုက်ရတယ်၊ ကျနော်တို့ အသင်းက ကားနဲ့ပေါ့။ ၂ ယောက်ကတော့ နမ့်ဖ တ်ကာဆေးရုံမှာပဲ၊ ဒဏ်ရာတွေက အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ခဲစတွေက မျက်နှာနဲ့ လက်တွေ ကိုယ်တွေမှာမှန်တာ၊ လမ်းလျှောက်နိုင်တယ်၊ အစာစားနိုင်တယ်။”
အဲဒီဒေသမှာ လတ်တလော တိုက်ပွဲတွေတော့ မရှိကြောင်း၊ ယခင်က စစ်ကြောင်းတွေ ဖြတ်သန်းသွားလာရင်း ကျခဲ့ဟန်တူတယ်လို့ ရွာသားတွေက ခန့်မှန်းပြောဆိုပါတယ်။
ဗုံးသီးဟောင်းပေါက်ကွဲပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ တပ်မတော်သားတွေ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။