Homeမြန်မာသတင်း
ဧရာဝတီတိုင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးများကို ကျပ် ၂၄.၆ ဘီလီယံကျော် ထောက်ပံ့မည်
ဧရာဝတီတိုင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးများကို ကျပ် ၂၄.၆ ဘီလီယံကျော် ထောက်ပံ့မည်
DVB
·
July 9, 2020
ဧရာတိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ကျပ်ငွေ ၂၄ ဒသမ ၆ ဘီလီယံကျော် ထောက်ပံ့ပေးတာတွေ ပြုလုပ်သွားမယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက်ကလေးငယ်တွေကို ငွေကြေးထောက်ပံ့မယ့် အစီစဉ်ကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ လုပ်ငန်းတွေပြန်လည်စတင်တော့မှာမလို့ ရပ်ကျေးစာရေးတွေကို သင်တန်းပေးတာတွေ ပြုလုပ်နေပြီလို့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး နော်သဝါးက ပြောပါတယ်။
"ဧပြီလ ၁ ရက်နေ့မှာ မွေးဖွားတဲ့ ကလေးတိုင်း အကျုံးဝင်ပါတယ်။ ပထမပတ် ဧပြီ၊ မေ၊ ဇွန် သုံးလ တစ်ခါ ထောက်ပံ့မယ့်အချိန်မှာ ရောဂါအခြေကြောင့် ဒုတိယပတ်ဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စတင်ဘာလတွေနဲ့ ပေါင်းပြီး ၆ လစာ ထောက်ပံ့သွားမှာပါ" လို့ ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေအတွက် ထောက်ပံ့ဖို့အစီစဉ်ကို ဇူလိုင်လကစတင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စာရင်းကို ကောက်ယူမှာဖြစ်ပြီး ရရှိလာတဲ့ စာရင်းတွေကို ပြန်လည်တင်ပြပြီး လူဦးရေအရ ပြန်လည်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ထောက်ပံ့ရမယ့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေး အရေအတွက် လူဦးရေ ၅ သောင်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက တာဝန်ရှိသူကပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေကို နိုင်ငံတော်အနေနဲ့ ၁ ရက်ကို ၅၀၀ နှုန်းနဲ့ ၁ လ ကို ၁ သောင်းခွဲထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၂ နှစ်အောက်ကလေးတွေကတော့ ၆ လစာ ၉ သောင်းရရှိမှာဖြစ် တယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)