ပန်းတနော်မြို့နယ်တွင် မြေအောက်ဂက်စ်ပိုက်လိုင်း ပေါက်ပြီး ဓာတ်ငွေ့ယိုစိမ့်
DVB
·
July 7, 2020
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမဘေးရှိ လမ်းဘေးကျောက်တုံးတွေကြားထဲကနေ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက စတင်ကာ မြေအောက်ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂက်စ်ယိုစိမ့်မှုဖြစ်ပေါ်နေတဲ့ နေရာဟာ အင်းမကျေးရွာ ပြည်သူ့စျေးရှေ့အနီး ကွမ်းယာဆိုင်တည့်တည့်ရှေ့မှာ ဖြစ်ပြီး မနက်ပိုင်း စဖွင့်ချိန်မှာ စသိခဲ့တာလို့ ဆိုင်ရှင် ကိုမျိုးသန့်က ပြောပါတယ်။
“မနက်က ၆ နာရီလောက် ဆိုင်စဖွင့်တော့ ဂက်စ်အနံ့တွေရပြီး လိုက်ရှာလို့ စသိခဲ့တာ၊ ကားလမ်းဘေး မြေအောက်က ဂက်စ်ပိုက်လိုင်း ၃ နေရာကနေ ဖြစ်နေတာပါ။ မြေကြီးထဲက ပိုက်လိုင်း ဘာဖြစ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ မီးမလောင်အောင် ဆေးလိပ်သောက်တဲ့သူတွေကိုတော့ သတိပေးနေရတယ်။”
ဂက်စ်ယိုစိမ့်မှုဖြစ်ပေါ်နေတဲ့ ပိုက်လိုင်းဟာ မအူပင်-ညောင်တုန်းရေနံမြေ ဂက်စ်ထုတ်လုပ်ရေးဌာနကနေတဆင့် ကန်ကြီးထောင့်ဓာတ်မြေသြဇာစက်ရုံအမှတ် ၅ ကို ဆက်သွယ်ပေးပို့နေတဲ့ သံပိုက်လိုင်းဖြစ်တယ်လို့ ညောင်တုန်းရေနံမြေလမ်းဆုံ ဂက်စ်ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြေကြီးတူးပြီး မြေအောက် အနက် ၅ ပေကျော်မှာရှိတာဆိုတော့ ပိုက်လိုင်းကို တူးနေပါပြီ။ အသေးစားပြင်ရမယ်ဆိုရင် ၁ ရက်လောက်နဲ့ ပြီးနိုင်ပြီး အကြီးစားပြင်ရမှာဆိုရင်တော့ ၃ ရက်လောက်ထိ ကြာနိုင်တယ်။”
လက်ရှိအချိန်မှာတော့ ဂက်စ်ပိုက်လိုင်း စိမ့်မှုဖြစ်ပေါ်နေတဲ့ အနီးဝန်းကျင်မှာ ဆေးလိပ်မီးက တဆင့်နဲ့ ကျောက်သားချင်း ပွတ်ထိမိပြီး မီးလောင်တာတွေ မဖြစ်ရအောင် သတိပေး ပြောဆိုတာတွေနဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်လို့ ပသွယ်မီးသန်းစခန်းဦးစီးမှူး ဦးသန်းစိုးအောင်က ပြောပါတယ်။
“ခုဒီနေရာကို Don't Cross လိုင်းတားတာ၊ မီးသတိပြု ဂက်စ်ပိုက်လိုင်းပေါက်နေသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ ပြုလုပ်ပြီး လူအများမြင်နိုင်တဲ့ နေရာတွေမှာ ထင်သာမြင်သာအောင် ချိတ်ဆွဲပေးထားပါတယ်။”
ဂက်စ်ပိုက်လိုင်းပေါက်မှု ဖြစ်ပေါ်နေတဲ့ မြေအောက်ပိုက်လိုင်းဟာ စတင်အသုံးပြုခဲ့ပြီး ၁၀ နှစ်ကျော် သက်တမ်းရှိချိန်မှာ ခုလို ယိုစိမ့်မှုစတင်ဖြစ်ပေါ်တာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းထက်မုန်း(ပုသိမ်)