ကျောက်ထုမြို့၌ နေအိမ်ဈေးဆိုင်အတွင်း ဝင်ရောက် လုယက်မှုဖြစ်
DVB
·
July 5, 2020
မကွေးတိုင်း ကျောက်ထုမြို့၊ ကုံငုံရပ်ကွက်ရှိ နေအိမ်ဈေးဆိုင်မှာ ဇူလိုင် ၄ ရက်၊ မွန်းတည့်ပိုင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသား ၂ ဦးက ဆိုင်ပိုင်ရှင် အမျိုးသမီးကို ထိုးနှက်ပြီး ၂ ကျပ်သား ရွှေဆွဲကြိုးကို ဖြတ်ယူ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
“အလုပ်မဲ့ကလေးတွေက ကျနော့်အိမ်ရှေ့ မျက်နှာချင်းဆိုင် လက်ဖက်ရည်ဆိုင်၊ အလုအယက်ခံရတဲ့အိမ်နဲ့ မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေပုံရတယ်။ ဒီအိမ်မှာလည်း မိသားစု သုံး လေးဦး ရှိတယ်။ သူ့ရဲ့ အဘွား၊ သမီးနဲ့ သမက်တွေက ဆိုင်ကယ်နဲ့ ထွက်သွားချိန်မှာ ဒီကလေးနှစ်ယောက်က ဆိုင်ကယ်နဲ့ ဝင်လိုက်တာ။”
လုယက်ခံရတဲ့ ဈေးဆိုင်နဲ့ မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်ကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ လူငယ်နှစ်ဦးဟာ ဈေးဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်ပြီး အိမ်ထဲကိုဝင်လာကာ အိမ်ရှေ့ဈေးဆိုင်မှာ ခင်းကျင်းထားတဲ့ ကြက်သွန်ကို မယူဘဲ နေအိမ်တွင်းရှိ ကြက်သွန်ကို ယူမယ်လို့ ပြောဆိုပါတယ်။
အိမ်ထဲက ကြက်သွန်တွေက ရေစိုနေလို့ မကောင်းကြောင်းပြောတဲ့အခါ ခရမ်းချဉ် ၅၀ ကျပ်သား ယူမယ်ပြောလို့ ခရမ်းချဉ် ချိန်နေစဉ် လည်ကုပ်ကို ကိုင်ပြီး နေအိမ် မီးဖိုဆောင်ထဲ ဆွဲခေါ်လုယက်ခဲ့တာလို့ အသက် ၅၀ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဒေါ်မိုးခိုင်က ပြောပါတယ်။
“လည်ကုပ်ကို ဆုပ်ဆွဲပြီးတော့မှ မီးဖိုထဲကို ဆွဲသွားပြီးတော့ ကိုယ်ပေါ်ကနေ ကားယားခွပြီးတော့ လည်ပင်းကိုညှစ်၊ မျက်နှာ၊ နှာခေါင်းကို ထိုးတော့ ကျမက တအားအော်တာ။ တစ်ယောက်က ပါးစပ်ကို အုပ်ထားတာ။ သူတို့က အလေးနဲ့ ထုမယ်လုပ်တော့ မထုခင်လေးမှာ အိမ်မှာမွေးထားတဲ့ခွေးက ကျမအပေါ် ခွစီးထားတဲ့ လူကို လုံးတယ်။ ကျမဆွဲကြိုးကို ဆောင့်ဆွဲယူတော့ လည်ပင်းတွေ ပြတ်ရှနေခဲ့တာ။ ဆိုင်ကယ်ပေါ် တက်ပြေးတာ ကျောက်ထုမြို့ဘက်ကို။”
အဲဒီအမျိုးသား ၂ ဦးကို ကျောက်ထုမြို့ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၈၂ နဲ့ အမှုဖွင့်ကာ တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကျောက်ထုမြို့ရဲစခန်းမှူး ကျော်ကျော်မင်းလွင်က ပြောပါတယ်။
သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ဦးကျော်မြင့်