Homeမြန်မာသတင်း
ဖားကန့် မြေပြိုမှု ထပ်မဖြစ်ရန် ရဲတပ်ဖွဲ့အင်အားဖြည့်ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီး ပြော
ဖားကန့် မြေပြိုမှု ထပ်မဖြစ်ရန် ရဲတပ်ဖွဲ့အင်အားဖြည့်ဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီး ပြော
DVB
·
July 5, 2020
ဖားကန့် မြေပြိုမှုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားအောင် အုပ်ချုပ်ရေးအာဏာပိုင်တွေဘက်က အမိန့်ထုတ်ပြန်ဖို့ လိုအပ်ပြီး လုံခြုံရေးပိုင်းကို ရဲတပ်ဖွဲ့က အားဖြည့်ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
သမ္မတအမိန့်နဲ့ ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာမှာ မြေပြိုကျလို့ ရေမဆေးကျောက်သမား ၁၇၀ ကျော် သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဇူလိုင် ၅ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ဝှေခါကျေးရွာက မြေပြိုကျမှုအတွင်း လူအများအပြား သေဆုံးရတာဟာ မိုးတွင်းကာလ အန္တရာယ်ရှိလို့ တားမြစ်ထားတဲ့ကြားကနေ ရေမဆေးကျောက်သမားတွေက ဝင်ရောက်တူးဖော်ချိန်မှာ အခုလို သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဖားကန့်ဒေသ ကျောက်မျက်လုပ်ကွက်တွေအတွင်း မြေပြိုကျလို့ လူသေဆုံးမှုတွေ ခဏခဏ ဖြစ်လေ့ရှိတဲ့အပြင် မူးယစ်ဆေးဝါးကိစ္စ၊ တရားမဝင် ကျောက်တူးဖော်မှုတွေ တရားဥပဒေစိုးမိုးမှု မရှိတာတွေကို အရက်ဖက် အဖွဲ့အစည်းတွေကလည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။
အခုဝှေခါကျေးရွာ မြေပြိုကျမှုမှာလည်း အစိုးရမှာ တာဝန်အရှိဆုံးလို့ ပြောဆိုမှုတွေ ရှိခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင်တွေ ပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်း စုံစမ်းစေခဲ့ပြီး ကွင်းဆင်းစစ်ဆေးစေခဲ့ပါတယ်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ အဲ့ဒီကော်မတီရဲ့ ခရီးစဉ်မှာ ဖားကန့်ဒေသအတွက် လုံခြုံရေးကို ရဲနဲ့ တပ်ဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ ဒီဖားကန့်ဒေသမှာ အခုလို မြေပြိုမှုကြောင့် လူသေဆုံးမှုတွေ နောက်ထပ် မဖြစ်ပွားဖို့ အမိန့်ညွှန်ကြားချက်တွေဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဦးဆောင် ဆောင်ရွက်ရမှာဖြစ်ပြီး ရဲနဲ့တပ်ဘက်က လုံခြုံရေးပိုင်းကိုတော့ အားဖြည့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်အတွင်းမှာ လူကယ်ပြန်ဝန်ကြီးက ဖားကန့် မြေပြိုမှုဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရသူတွေအတွက် ကျပ်သိန်း ၉၇၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့တဲ့ လူမှုအဖွဲ့တွေကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်။
မြေပြိုမှုကြောင့် လူပေါင်း ၁၇၄ ယောက် သေဆုံးပြီး ၅၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဇော်မိုးထက်