တပ်မတော်သား ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၇ ဦးထပ်တွေ့
DVB
·
July 4, 2020
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့က ပြန်လာသူ ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည သတင်းထုတ်ပြန်ပါတယ်။
လူနာသစ်တွေကတော့ အိန္ဒိယက ပြန်လာတဲ့ တပ်မတော်သား သင်တန်းသား စစ်သည် ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အမျိုးသား ၃ ဦး၊ လာအိုကပြန်လာတဲ့ အမျိုးသား ၁ ဦး၊ ထိုင်းက ပြန်လာတဲ့ အမျိုးသား ၁ ဦးနဲ့ စင်ကာပူက ပြန်လာတဲ့ အမျိုးသမီး ၁ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ အသွားအလာကန့်သတ်ထားရှိခံနေရသူတွေဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်သားတွေထဲက စစ်သည် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးဆုံးပြီး ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ရောက်လာတဲ့ အရာရှိ၊ စစ်သည် ၄၈ ဦးအနက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ စစ်သည် ၈ ဦးရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၆၅၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၇၀ ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၂၆ ခု နဲ့ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၂၇ ခု စုစုပေါင်း ၁,၅၉၉ ခု ကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၇ ဦး ထပ်တွေ့ခဲ့ပါတယ်။
ဇူလိုင် ၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၀ ဦးရှိပြီး ဒီအထဲက ၂၂၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။