အန်အယ်လ်ဒီမဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်ရုပ်ပုံ ဆက်လက်အသုံးပြုသွားမည်
DVB
·
July 2, 2020
အန်အယ်လ်ဒီပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေကို ဆက်လက် အသုံးပြုသွားမှာဖြစ်တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
အာဏာရပါတီအနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံအသုံးပြုပြီး မဲမဆွယ်သင့်ဘူးလို့ ကြံ့ခိုင်ရေးပါတီဘက်က ဝေဖန်ထားခဲ့တာပါ။
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး တက်ရောက်လာတဲ့ ဒေါက်တာဇော်မြင့်မောင်က " သူများတွေဝေဖန်တဲ့အပေါ်မှာ ကျနော်တို့ ဘာမှမတုံ့ပြန်ပါဘူး။ကျနော်တို့က အရင်ထဲက ၉၀ ထဲက ကျနော်တို့ပါတီက ဗိုလ်ချုပ်ပုံသုံးခဲ့ပြီးတော့ ကျနော်လည်း ၉၀ ခုနှစ်မှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီတော့ ဗိုလ်ချုပ်ပုံသုံးတာက အရင်ရွေးကောက်ပွဲစထဲက ၉၀ ထဲက သုံးတာဆိုတော့ အစဉ်အလာအရလည်း သုံးခဲ့ဖူးတာရှိပါတယ်။ သမိုင်းကြောင်းအရလည်း သုံးခဲ့ဖူးတာရှိတယ်။ ကျနော်တို့ကတော့ သုံးမှာပဲပေါ့နော်။ ဒါ အန်အယ်လ်ဒီရဲ့ မူလားဆိုရင်တော့ မူမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ သိတတ်မှုနဲ့ ကျနော်တို့ ခေါင်းဆောင်ရဲ့ ဖခင်တစ်ဦးအနေနဲ့ ၊ ကျနော်တို့ အမျိုးသားရေးခေါင်းဆောင် တစ်ဦးအနေနဲ့ သုံးတာပေါ့နော်" လို့ ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်နေရာနဲ့ အရေအတွက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထုတ်ပြန်ထားခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွင်း ပြည်ထောင်စုအဆင့် မဲဆန္ဒနယ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
"ပြည်ထောင်စုအဆင့်မှာ ပြိုင်ဆိုင်မှုပြင်းထန်မယ်။ အမျိုးသားလွှတ်တော်နေရာတွေက ပြိုင်ဆိုင်မှုပြင်းထန်မယ်။ တိုင်းနဲ့ပြည်နယ်မှာ ၁၂ ယောက်ဆီရမှာကိုး။ အဲ့ဒီတော့ ကျနော်တို့က အစိုးရဖွဲ့နိုင်တယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်အရေအတွက်ပေါ်မှာ မူတည်တယ်ဆိုတဲ့အတွက် ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ပြိုင်ဆိုင်မှုပြင်းထန်ပါမယ်။ အဲ့ဒီထဲမှာမှ ပြည်နယ်တွေမှာ တချို့အမျိုးသားလွှတ်တော်နေရာတွေက တချို့မြို့နယ်တွေဆိုရင် ၁၂ မြို့နယ်တောင်မရှိဘူး။တချို့မြို့နယ်တွေမှာ လူဦးရေနည်းနည်းလေးနဲ့ အမျိုးသားလွှတ်တော် ၂ ယောက်ရတာတွေဘာတွေရှိမယ်။အဲ့ဒီတော့ အမျိုးသားလွှတ်တော်က ပစ်မှတ်ထားစရာတစ်ခုဖြစ်နေတယ်။အမျိုးသားလွှတ်တော်နေရာတွေက ပြိုင်ဆိုင်မှုပြင်းထန်ပါမယ်။ ကျနော်တို့လည်း အဲ့ဒီအတွက် ပြင်ဆင်ထားပါတယ် " လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲဆန္ဒနယ်နေရာတွေမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် ၁၆၈၊ တိုင်းဒေသကြီးနဲ့ပြည်နယ် မဲဆန္ဒနယ် ၆၄၄ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် က ၂၉ နယ်တို့ ဖြစ်ပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
Photo- NLD