အိန္ဒိယပြန် တပ်မတော်သား ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်တွေ့
DVB
·
June 28, 2020
အိန္ဒိယကနေ သင်တန်းတက်ရောက်ပြီး တပ်မတော်လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့ တပ်မတော်က ဇွန်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံကနေ ဇွန်လ ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားတဲ့ အရာရှိ၊ စစ်သည် ၄၈ ဦးထဲက ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး အခု လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတာပါ။
အဆိုပါလေယာဉ်နဲ့ ပြန်လာသူတွေအထဲက စစ်သည် ၅ ဦး ရောဂါပိုးတွေ့ရှိထားပြီး ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အိန္ဒိယပြန် တပ်မတော်သား စုစုပေါင်း ၁၀ ဦး ရှိပြီဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ စစ်သည်တွေကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)ကို ပို့ဆောင်ကုသပေးနေပြီး သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ သိရပါတယ်။
အဆိုပါ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့တာနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၇၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၆၇ ခု စုစုပေါင်း ၁,၁၈၂ ခုကို ဒီကနေ့ ညနေမှာ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၃ ဦးတွေ့ရှိတာပါ။
ဇွန်လ ၂၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၈ ဦးနဲ့ ဒီအထဲက ၂၀၆ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။