ကုန်ပစ္စည်း ချိန်တွယ်ရာတွင် မသမာမှုမဖြစ်စေရန် မကွေးကုန်စည်ဒိုင် စိစစ်မည်
DVB
·
June 28, 2020
ကုန်ပစ္စည်းချိန်တွယ်ရာမှာ အလေးချိန်မှန်ကန်ဖို့နဲ့ မသမာမှုတွေ မဖြစ်ပေါ်အောင် မကွေး ကုန်စည်ဒိုင်နဲ့ ကတ္တားကုမ္ပဏီ ၅ ခုက စိစစ်သွားမယ်လို့ မကွေးမြို့ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
မကွေးမြို့နယ်ထဲက ပွဲရုံတချို့မှာ အချိန်အတွယ် မှန်ကန်မှု မရှိဘူးလို့ ကြားသိရတဲ့အတွက် ကတ္တားကုမ္ပဏီတွေကနေ တာဝန်ယူစစ်ဆေးပြီး တံဆိပ်ပါမှာသာ စံကတ္တားအဖြစ် သတ်မှတ် ရောင်းဝယ်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ မကွေးမြို့ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဖိုးနီက DVB ကို ပြောပါတယ်။
“မကွေးမြို့မှာ လာရောင်းတဲ့ ကုန်ပစ္စည်းတွေ ချိန်တွယ်တဲ့အပေါ်မှာ မသမာတဲ့ ပွဲရုံတချို့ ရှိနေတယ်လို့ ကြားသိရတဲ့အတွက် တောင်သူတွေ စိတ်ချမ်းသာမှုရရှိစေဖို့ အချိန်အတွယ်မှန်ကန်ပြီး စံစနစ် ကတ္တားတွေနဲ့ ရောင်းဝယ်နိုင်အောင် ဆောင်ရွက်ပေးနေတာပါ။ အခုလို ချိန်တွယ်တဲ့နေရာမှာလည်း ပြဿနာအဖြစ်အများဆုံး ကတ္တားကို အသုံးမပြုဖို့ စည်းရုံးလုပ်ဆောင်သွားမှာ ဖြစ်တယ်။”
မကွေးမြို့ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ထွန်းက “တောင်သူတွေရဲ့ သီးနှံကုန်ပစ္စည်းတွေကို ကုန်စည်ဒိုင်မှာ လာရောက်ရောင်းဝယ်တဲ့ အလေ့အကျင့် ဖြအောင် အချိန်တွယ်မှန်ကန်တဲ့ စံကတ္တားတွေနဲ့ ရောင်းဝယ်မှာ ဖြစ်တယ်။ ကတ္တားကုမ္ပဏီတွေ အနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စစ်ဆေးပြီးသား တံဆိပ်ပါမှသာ စံကတ္တားအဖြစ် သတ်မှတ်ပေးမယ်။ လက်ရှိအချိန်မှာတော့ အချိန်အတွယ် မသမာမှုတွေ ပေါ်ပေါက်လာခဲ့ရင် စည်းရုံးတဲ့စနစ်နဲ့ လုပ်ဆောင်ပေးမှာဖြစ်ပြီး အကြိမ်ကြိမ် ကျူးလွန်လာရင်တော့ ဥပဒေအရ အရေးယူတဲ့အပိုင်းတွေ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။
အရင်ကဆိုရင်တော့ ချိန်ခွင် အလေးနဲ့ ချိန်တွယ်ရာကနေ အခုနောက်ပိုင်းမှာ ဒီဂျစ်တယ် ကတ္တားနဲ့ ချိန်တွယ်တဲ့စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတယ်လို့လည်း ဆိုပါတယ်။
မကွေးကုန်စည်ဒိုင်မှာတော့ အသင်းဝင်ထားတဲ့ လုပ်ငန်းရှင် ၃၅၄ ဦးရှိပြီး နောက်ထပ်လည်း အသင်းဝင်သူတွေ ရှိနေတယ်လို့ ကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။
မင်းထီး