မလေးရှားမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၆၃၀ ကျော်ရှိပြီ
DVB
·
June 28, 2020
မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦးအား ပဉ္စမအကြိမ် MAI လေကြောင်းလိုင်း မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး စုစုပေါင်း ၆၃၉ ဦး ရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံက မြန်မာနိုင်ငံအခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ဦးနဲ့ Selangor ပြည်နယ်၊ Klang ဒေသရှိ Peck Chew Pilling (M) SdnBhd ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်ထားပြီး လုပ်ငန်းခွင် ဝင်ရောက် နိုင်ခြင်းမရှိဘဲ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမား ၁၉ ဦး၊ စုစုပေါင်း ၁၆၉ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇွန် ၂၇ ရက်နေ့ ညနေ ၃ နာရီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူ ၁၆၉ ဦးကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုအသုတ်အပါအဝင် ကိုဗစ်-၁၉ ကြောင့် မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၆၃၉ ဦးကို မြန်မာနိုင်ငံ ပြန်လည်ခေါ်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၅၆၀၀ ကျော် ရှိပြီလို့ သိရပါတယ်။