ရခိုင်ပြည်နယ် မြို့နယ် ၃ ခုတွင် တရက်တည်း မိုင်းပေါက်ကွဲမှုများဖြစ်
DVB
·
June 28, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ် နဲ့ မြေပုံမြို့နယ်တို့မှာ ဇွန်လ ၂၇ ရက်နေ့ တရက်တည်း မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ဟုတ်တယ်။ မနေ့က စစ်တွေ-ရေချမ်းပြင်လမ်းမှာ မိုင်း ၂ လုံးပေါက်ကွဲတာ ရှိတယ်။ နောက် ညနေပိုင်းမှာ ရသေ့တောင် ပြားချောင်းကြီးနားမှာ မိုင်း ၂ လုံး ပေါက်ကွဲတာရှိတယ်” လို့ DVB ကို ပြောပါတယ်။
ဇွန်လ ၂၇ ရက် နေ့လယ် ၁ နာရီကျော်လောက်က စစ်တွေ-ရေချမ်းပြင်သွားလမ်း နည်းပညာတက္ကသိုလ် GTC ကျောင်း အနီး ရထားလမ်းဘေးနားမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိဘူးလို့ ရေခြမ်းပြင် ဒေသခံတဦးက ပြောပါတယ်။
“တပ်မတော်စစ်ကြောင်းက ရသေ့တောင်ကို အင်အားသွားဖြည့်တဲ့ စစ်ကားတွေ မရောက် သေးတဲ့အချိန် ရထားလမ်းအနီးမှာ ပေါက်တာ။ လူတွေ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး စစ်သားတွေ အပြည့်ပဲ။”
ဇွန်လ ၂၇ ရက် ညနေပိုင်းမှာ ရေခြမ်းပြင်-စစ်တွေလမ်း အသွားအလာပိတ်ထားခဲ့ပြီး ဒီနေ့မနက်တော့ အသွားအလာ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။
မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီးမှာ ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကလည်း မိုင်းနင်းမိလို့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ခြေပြတ်သွားတယ်လို့ သိရပါတယ်။
စညင်းကျေးရွာနေ မနန်းခမ်း ခင်ပွန်းဖြစ်သူနဲ့အတူ ရွာအနီး ချောင်းမှာ ကဏန်းသွားထောင်ကြပြီး ဟင်းသွားခူးစဉ် မိုင်းနင်းမိခဲ့တာဖြစ်ပြီး ကမ်းထောင့်ကြီးဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၇ ညနေ ၅ နာရီလောက်ကလည်း ကြိမ်သာကျေးရွာနှင့် ထွန်းရဝေကျေးရွာဘက်ကနေ ရသေ့တောင်မြို့တွင်း ပြန်ဝင်တဲ့ တပ်မတော် စစ်ကြောင်းတခု မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၂၄ ရက် ယနေ ညနေ ၄ နာရီ ၁၅ မိနှစ်လောက်ကလည်း တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်တစ်ဦး ခြေထောက်ကျည် ထိမှန်သွားခဲ့ပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အား ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ လက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။
လင်းလက်