အမ်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
June 27, 2020
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု နတ်မော်ကျေးရွာထဲကို ဇွန် ၂၆ ရက်နေ့ညနေက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၂ ဦးသေဆုံး၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာ ပြင်းထန်သူတွေကို အမ်းမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ဖို့ သယ်ယူခွင့်မရဘူးဖြစ်နေတယ်လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေ ၆ နာရီကျော်လောက်မှာ နတ်မော်ရွာထဲ လက်နက်ကြီးကျည် ၄ လုံးကျတယ်၊ အဲဒီမှာ ဦးဘမောင်ဆိုတဲ့ လူရဲ့နေအိမ်ကိုတည့်တည့်ကျပြီးတော့ ဦးဘမောင်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ တခြားလူတွေထဲမှာ ဦးမျိုးဟိန်းကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ည ၉ နာရီကျော်မှာ ဆုံးသွားတာပေါ့၊ အဲဒီမှာ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးလည်း ဒဏ်ရာရပြီးတော့ စိုးရိမ်ရတာကြောင့် အမ်းဆေးရုံကို ပို့ဆောင်ဖို့ သွားတဲ့အချိန်မှာ နယ်မြေခံတပ်ရင်းက သွားခွင့်မပေးတဲ့အတွက် အခုအချိန်ထိ ဒါးလက်အလယ်ကျွန်းမှာပဲ ရှိသေးတာပေါ့။ မနေ့ကတိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ ရှမ်းကုန်းဘက်မှာ စခန်းချထားတဲ့ တပ်မ (၆၆) က ပစ်ခတ်လိုက်တာ” လို့ ပြောပါတယ်။
အမ်းမြို့နယ်မှာ တပ်မတော်နဲ့ အေအေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိသလို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ဒဏ်ရာပြင်းထန်သူတွေကို ဆေးကုသခွင့် တပ်မတော်က တားမြစ်ထားတယ်ဆိုတာဟာလည်း ဖြစ်နိုင်မှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်ချုပ်ထွန်းထွန်းညီက ဒီဗွီဘီကို ပြောပါတယ်။
“အမ်းမြို့နယ်မှာတော့ အခုအချိန်ထိ မရှိပါဘူး၊ မဟုတ်ပါဘူး၊ အဲလိုကတော့မဖြစ်နိုင်ပါဘူး။ ကောလာဟလဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဒဏ်ရာပြင်းထန်သူ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးအား တပ်မတော်က အမ်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ နတ်မော်ကျေးရွာနေဒေသခံတွေက ပြောပါတယ်။
အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က လက်နက်ကြီးကျရောက်မှုကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့လသို ဧပြီ ၁၂ ရက်နေ့မှာလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။