ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင် ၁ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရ
DVB
·
June 25, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အထွက်မှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက တပ်မတော်စစ်ကြောင်းတခု မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်တဦး ခြေထောက်မှာ ကျည်ထိမှန် ဒဏ်ရာရသွားပါတယ်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင့်မြင့်သိန်းက "ဖြစ်စဉ်ကတော့ မှန်ပါတယ်။ မြို့ထွက်ဝမှာ မိုင်းဆွဲခံရတယ်လို့ တော့ ကြားတယ်။ စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ထိမှန်သွားတာမှန်တယ်။ ဘယ်ဘက် စတာလဲဆိုတာတော့ မပြောတတ်ဘူးဗျ။"လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦခင်မောင်လတ်ကလည်း "စစ်ကြောင်းက ရသေ့တောင်မြို့ကနေ ပြားချောင်းကြီးကျေးရွာဘက်ကို ထွက်ခွာတဲ့အချိန်မှာ မြို့ထွက်ဝ ဆိုင်းဘုတ်ရှေ့မှာ မိုင်းဆွဲခံရပြီး အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အဲ့ဒီမှာ ရွှေပါရမီဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တစ်ဦး ဘယ်ဘက်ခြေသလုံးပေါက်ထွက် ဒဏ်ရာရရှိခဲ့တယ်" လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အသက် ၅၄ နှစ်အရွယ် ဦးမောင်အေးညွှန်ဟာ ရသေ့တောင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှကျော်က ပြောပါတယ်။
"ခြေထောက်က အခြေအနေဆိုးပါတယ်။ ဖြတ်ရမယ့် အနေအထားရှိတယ်။ အခုတော့ သွေး သွင်းထားပါတယ်် ဆရာဝန်တော့ ဘာမှမညွှန်ကြားသေးဘူး။ စစ်တွေကိုယူရမယ့် နေအထားဖြစ်လာနိုင်တယ်။"
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အေအေကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဇွန်လ ၂၄ ရက် မနက် ၄ နာရီလောက်ကလည်း ရသေ့တောင်တောင်ပိုင်း မေယုမြစ်အတွင်းက တပ်မတော် ဇက်ရေယာဉ်ကို အေအေအဖွဲ့က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လင်းလက်