စစ်ကိုင်းတိုင်းတွင် Mask မတပ်သူများကို အရေးယူမှု တစ်လအတွင်း ၂၇၀၀ ကျော်ရှိ
DVB
·
June 24, 2020
စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ နေအိမ်ကနေ အပြင်ထွက် သွားလာသူတိုင်း မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ကြဖို့ မေလ တတိယပတ်မှာ တိုင်းအစိုးရက အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
ပညာပေးကာလကိုလည်းလုပ်ဆောင်ခဲ့ပြီး မေလ နောက်ဆုံးပတ်ကနေ စတင်ကာ ဖမ်းဆီးအရေးယူမှုတွေကို ဆောင်ရွက်ခဲ့တာမှာ မေလ ၂၅ ရက်မှ ဇွန်လ ၂၃ ရက်နေ့ထိ တစ်လတာကာလအတွင်း Mask မတပ်လို့ ဖမ်းဆီးအရေးယူမှု ၂၇၈၅ မှုရှိခဲ့ပါတယ်။
အရေးယူမှုတွေအရ အမျိုးသား ၂၃၄၂ ဦး၊ အမျိုးသမီး ၇၄၂ ဦး စုစုပေါင်း ၃၀၈၄ ဦးရှိခဲ့ပြီး အမှုအရေအတွက်အရ စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ်က ၈၇ မှုနဲ့ အများဆုံးဖြစ်ပါတယ်။
Mask မတပ်လို့ အရေးယူတာက ထိရောက်မှု နည်းပါးတဲ့အတွက် ဖမ်းဆီးမှုတွေကိုလျှော့ချလိုက်ပြီး တခြားနည်းလမ်းစဉ်းစားနေတယ်လို့ စစ်ကိုင်းတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။
"ဖမ်းတယ်။ အရေးယူတယ်။ ဒါပေမဲ့ ပြည်သူတွေ လိုက်နာမှုက အားနည်းတယ်။ ပြည်သူတွေ ထိခိုက်မှုပဲများတယ်။ အဖမ်းခံရရင် ဒဏ်ငွေဆောင်ရတာ၊ အချိန်ကုန်တာရယ်နဲ့ ထိရောက်မှုအားနည်းလို့ တခြားနည်းလမ်းစဉ်းစားနေတယ်။ အရင်ကလည်း Mask တွေဈေးကြီးတယ်ဆိုလို့ အလကားဝေတာတွေလည်း လုပ်ခဲ့တယ်။ တခါ အပြစ်ပေးအရေးယူတဲ့စနစ်နဲ့လည်းလုပ်တယ်။ လိုက်နာမှုက အားနည်းတယ်။ အခုဆို လူတိုင်းလက်လှမ်းမှီတဲ့ဈေးနဲ့ လွယ်လွယ်ကူကူ ဝယ်လို့လည်း ရနေပြီ။ ရောဂါဖြစ်ပွားမှုက ခပ်ကြဲကြဲဖြစ်တော့ ပေါ့ပေါ့တန်တန်သဘောထားတဲ့သဘောလည်း ရှိတယ်။"လို့ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။
ကိုဗစ်ကပ်ဘေးကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရေးယူမှုအနေနဲ့ Mask မတပ်လို့ အရေးယူတာအပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ၂၄ မှု၊ ၃၇ ဦး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ဧပြီလ ၂၄ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့ထိ ၁၇ မှု၊ ၂၂ ဦး၊ ဆက်စပ်တရားစွဲဆိုမှု ၃၁ မှု၊ ၅၉ ဦး၊ ညမထွက်ရအမိန့်ကျုးလွန်လို့ အရေးယူမှု ၅၇မှု၊ ၁၇၄ ဦးထိ ရှိနေပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ညမထွက်ရအမိန့်နဲ့ အပြင်ထွက်တိုင်း Mask တပ်ဖို့ စည်းကမ်းချက် အပါအဝင် တခြားအမိန့်ညွှန်ကြားချက်တွေကို ဇွန်လ ကုန်အထိ တိုးမြှင့်ထားပါတယ်။
ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေ လိုက်နာစေဖို့ သက်ဆိုင်ရာ အောက်ခြေအဆင့်ဆင့်ကိုလည်း ညွှန်ကြားဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောဆိုပါတယ်။