မြောင်းမြမြို့နယ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၁၆ ဦး ဖမ်းမိ
DVB
·
June 24, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာမှာ ဇွန် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၁၆ ဦး ဖမ်းမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြင်းကကွင်းကျေးရွာအုပ်စုမှာ ဘင်္ဂါလီလူမျိုးတွေ ရောက်ရှိနေကြောင်း မြို့နယ်တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ရာမှ မြင်းကကွင်းကျေးရွာရှိ လယ်တဲတခုမှာ ဘင်္ဂါလီ ၁၆ ဦးကို တွေ့ရှိခဲ့တာလို့ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောပါတယ်။
“သတင်းရရချင်း ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့လူမှုဘဝ လုံခြုံရေးနဲ့ ကျန်းမာရေးလုံခြုံမှုအတွက် ချက်ခြင်းသွားရောက်စစ်ဆေးခဲ့ရာမှာ ဘင်္ဂါလီ ၁၆ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အခု ဖမ်းမိတဲ့နေရာက အရင်တုန်းက ဘင်္ဂါလီတွေ တခါမှ မဖမ်းမိဖူးတဲ့ နေရာကနေ ဖမ်းမိခဲ့တာ။”
မြောင်းမြမြို့နယ်အတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူ ဘင်္ဂါလီတွေ ဖမ်းဆီးမိတာဟာ ပထမဆုံး ဖြစ်ပါတယ်။
ဘင်္ဂါလီ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးငယ် ကျား ၁ ဦးနှင့် မ ၁ ဦး၊ စုစုပေါင်း ၁၆ ဦး ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ ၁၆ ဦးကို မြင်းကကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ Quarantine ထားရှိကာ မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)