နတ်မောက်မြို့နယ် ကျေးရွာများ သတ်မှတ်ကာလထက်စောပြီး လျှပ်စစ်မီးရရှိမည်
DVB
·
June 21, 2020
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းက လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာအများစုကို နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြိုနယ်တွေက ဓာတ်အားခွဲရုံတွေကနေ ဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်မှာဖြစ်တဲ့အတွက် သတ်မှတ်ကာလထက်စောပြီး မီးလင်းနိုင်မယ်လို့ နတ်မောက်မြို့နယ်လျှပ်စစ်ရုံးက တာဝန်ရှိသူက ပြောပါတယ်။
အရင်က အဲဒီကျေးရွာတွေကို လျှပ်စစ်မီးဖြန့်ဝေဖို့အတွက် မြို့နယ်အတွင်းက နေရာ ၃ ခုမှာ ဓာတ်အားခွဲရုံတွေတည်ဆောက်နေပြီး အဲဒီဓာတ်အားခွဲရုံတွေ တည်ဆောက်ပြီးစီးမှ လျှပ်စစ်မီးဖြန့်ဝေမယ်ဆို နောက်ထပ် ၅ နှစ်နီးပါးကြာမြင့်နိုင်သေးတယ်လို့ လျှပ်စစ်မန်နေဂျာက ဆိုပါတယ်။
လက်ရှိမှာတော့ နီးစပ်ရာမြို့နယ် ဓာတ်အားပေးရုံတွေကနေ လျှပ်စစ်သွယ်တန်းမှု ဆောင်ရွက်နေတဲ့အတွက် နတ်မောက်မြို့ မြောက်ဖျားကျေးရွာတွေ မကြာခင် မီးဖြန့်ဝေပေးနိုင်မယ်လို့ ဆိုပါတယ်။
ကျေးရွာတွေ မီးလင်းနိုင်ဖို့အတွက် ဓာတ်အားလိုင်းအနီးအဝေး နဲ့ အိမ်ထောင်စုအနည်းအများ ပေါ်မူတည်ပြီး တအိမ်ထောင်ကို ငွေကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းနီးပါး ကုန်ကျခဲ့တယ်လို့လည်း ကပေါင်းကုန်းကြီးဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ နတ်မောက်မြို့၊ ကျေးရွာပေါင်း ၂၃၀ ကျော်ထဲက ကျေးရွာ ၁၇ ရွာကို လျှပ်စစ်မီးဖြန့်ဝေနိုင်ခဲ့ပါတယ်။ ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ နောက်ထပ် ကျေးရွာ ၃၅ ရွာ မီးလင်းနိုင်မှာဖြစ်ပြီး NEP စီမံကိန်းနဲ့ အခုဘဏ္ဍာနှစ်အတွင်းမှာ ကျေးရွာ ၇၀ ဝန်းကျင်လောက် မီးလင်းနိုင်မယ်လို့ နတ်မောက်မြို့ လျှပ်စစ်ရုံးရဲ့ စာရင်းအချက်လက်တွေအရ သိရပါတယ်။
ဇေယျ (နတ်မောက်)