မောင်တောမြို့တွင် ရဲတပ်သားတဦး၏ဇနီး ဓာတ်လိုက်သေဆုံး
DVB
·
June 20, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ရဲတပ်သားရဲ့ ဇနီးသည် ၁ ဦး ဇွန်လ ၁၉ ရက်နေ့ မနက် ၁၁ နာရီ အချိန်လောက်က ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စုံစမ်းစစ်ဆေးလို့ သိရတာက သူ့အမျိုးသားက ကင်းတာဝန်ကျနေတယ်။ အိမ်မှာ ကလေးမလေးက သူနေတဲ့ လိုင်းခန်းမှာ ထမင်းချက် ဟင်းချက်ဖို့ နေအိမ်မှာ တပ်ဆင်ထားတဲ့ ပျက်နေတဲ့ မီးပလပ်ခုံကို ကိုယ်တိုင်သွားပြင်တယ်လို့ သိရတယ်။ အဲဒီမှာ ဓာတ်လိုက် သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူမှာ ရဲတပ်သား သက်ဦးရဲ့ဇနီး မသန်းသန်းစိုး (၂၆-နှစ်)ဖြစ်ပြီး ၂ တန်းအရွယ် သမီးလေးတဦး ရှိကာ မောင်တောမြို့ ဝန်ထမ်းအိမ်ရာ ရဲရန်အောင်လိုင်ခန်းမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။
ဝန်ထမ်းများအိမ်ရာမှာ နေထိုင်တဲ့ အဒေါ်ကြီးတဦးက “ကျမတို့လည်း ကလေးငိုသံကြားလို့ သွားကြည့်ကြတာ။ သမံတလင်းမှာ လဲကျနေတာတွေလို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်ရ တာ။ သူ့အိမ်ရှင်က ကင်းကျနေတယ်၊ မီးခလုတ်ကို သူ လာမှပြုပြင်မယ်၊ မကိုင်နဲ့လို့ မှာခဲ့တယ်တဲ့။ သူမက စျေးမှာ ဟင်းတွေရောင်းပြီး ပြန်လာတာ။ ထမင်းချက်ဖို့လုပ်တဲ့အခါ အခုလိုဖြစ်သွားတာ စိတ်မကောင်းစရာပဲ” လို့ ပြောပါတယ်။
လျှပ်စစ်ကြိုးတွေ၊ မီးပလပ်တွေ တပ်ဆင်ရာမှာ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ မတပ်ဆင်တဲ့အတွက် အခုလိုဖြစ်ရတာလို့ မောင်တောမြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အခုလိုဖြစ်တာ ကျနော်တို့ဆီအကြောင်းကြားတာ မရှိဘူးဗျ။ ဒီဝန်ထမ်းအိမ်ရာတွေမှာ နေထိုင်ကြတဲ့ မိသားစုတွေက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ တပ်ဆင်တာ မရှိသလောက်ဘဲ၊ သူတို့ဘာသာသူတို့ တပ်ချင်သလို တပ်နေကြတာတွေ ရှိတယ်။ ဒါကြောင့် အခုလို မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ရတာ။”
အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး သေမှုသေခင်းအမှတ် (၄/၂၀၂၀) နဲ့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ရင်ခွဲစစ်ဆေးပြီး အမှုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။