မြဝတီမြို့တွင် တရားမဝင် လောင်းကစားဂိမ်းစက်များ ဖမ်းမိ
DVB
·
June 18, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇွန် ၁၇ ရက်နေ့က တရားမဝင် လောင်းကစားဂိမ်းစက်တွေနဲ့အတူ လူ ၃ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ် ကျောက်ဖျာဂိတ် အောက်ချိုင့်လမ်းမှာ တရားမဝင်လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရရှိတာကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး နယ်ခြားစောင့်တပ်နဲ့ ရပ်ကွက်လူကြီးတွေ ပူးပေါင်း သွားရောက်စစ်ဆေးရာ တရားမဝင် လောင်းကစားဂိမ်းစက် ၁၀ လုံး နဲ့အတူ တရုတ်နိုင်ငံသားအပါအဝင် ၃ ဦး ဖမ်းဆီးမိပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကာလမှာ လူစုလူဝေးတွေ ပြုလုပ်တဲ့နေရာတွေကို စစ်ဆေးနေရာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ အေးသာယာ-၄ လမ်းမှာလည်း လောင်းကစားပြုလုပ်နေတဲ့ ဂိမ်းဆိုင်က လောင်းကစားဂိမ်းစက် ၄ လုံးကိုလည်း တွေ့ရှိသိမ်းဆည်းလိုက်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ တရားမဝင် လောင်းကစားကြောင့် မူးယစ်ဆေး၊ သူခိုးလုနိုက်သူတွေ ပေါများနေပြီး လောင်းကစားရုံထောင်သူတွေဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ မလွတ်ကင်းဘူးလို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ တရားမဝင်ဂိမ်းဆိုင် အဆောက်အအုံပိုင်ရှင်ကိုတော့ စုံစမ်းစစ်ဆေးပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
ဖိုးစီ