မုံရွာတွင် မူးယစ်ဆေးဝါးရှာဖွေရာက ငွေစက္ကူအတုများ ဖမ်းဆီးရမိ
Aung Ko Latt
·
June 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်မှာ ဇွန် ၁၆ ရက်နေ့က မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ သက်ဆိုင်ရာက ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေအပြင် ငွေစက္ကူအတု ထုတ်လုပ်နေတာကိုပါ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိပါတယ်။
မုံရွာမြို့ အမှတ်-၁၃ မှုခင်းတပ်ဖွဲ့စု၊ မူးယစ်တပ်ဖွဲ့စု၊ တိုင်းမှုခင်းအကူတပ်ဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့နဲ့ နယ်မြေခံရတပ်ဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းကာ မူးယစ်ဆေးဝါး ကြိုတင်သတင်းအရ လမ်းလျှောက်လာသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကို ထိန်းသိမ်းစစ်ဆေးရာ ဘောင်းဘီအိတ်ကပ်အတွင်း သယ်ဆောင်လာတဲ့ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၇၀ ပြား၊ ကာလတန်ဖိုး ၈၅၀,၀၀၀ ကျပ်တန်ဖိုးရှာဖွေတွေ့ရှိခဲ့တာပါ။
ဆက်လက်ပြီး မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းနဲ့အတူ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး မတွေ့ရှိရဘဲ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နေအိမ်အိပ်ခန်းအတွင်း ၁ သောင်းကျပ်တန် ငွေစက္ကူအတု စုစုပေါင်း ၂၉ ရွက်၊ ၅ ထောင်ကျပ်တန်ငွေစက္ကူအတု ၃ ရွက်၊ ၁ သောင်းကျပ်တန် အပိုင်းပြတ် ၅ ရွက်၊ မဖြတ်ရသေးတဲ့ ၁ သောင်းကျပ်တန် ပရင့်ထုတ် A4 စက္ကူ ၅ ရွက်၊ မဖြတ်ရသေးတဲ့ ၅ ထောင်တန် A4 စက္ကူ ၁ ရွက်၊ တစ်ထောင်ကျပ်တန် A4 စက္ကူ ၁ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ Acer အမျိုးအစား လပ်တော့ပ် ၁ လုံး၊ စက္ကူဖြတ်စက် ၁ လုံး၊ ရောင်စုံဆေးဘူခွံ ၄ ဘူး၊ A4 Inkjet Paper ၅၂ ရွက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ မနဒီထွန်း (၃၅-နှစ်)ရဲ့ ထွက်ဆိုချက်အရ ဒီပစ္စည်းတွေဟာ သူနဲ့ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့ တခြားအမျိုးသားတစ်ဦးတို့ရဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မနဒီထွန်းကို မူးစိတ်ပုဒ်မ ၁၉(က)အရ အရေးယူထားပြီး ငွေစက္ကူအတုနဲ့ပတ်သက်လို့ မနဒီထွန်းနဲ့ မဖမ်းဆီးရသေးတဲ့ ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့နဲ့ မုံရွာနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
ကွင်းဆက်တရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ရဲတပ်ဖွဲ့ကတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။