Homeမြန်မာသတင်း
မုဒုံမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးနေသည့် မြို့မိမြို့ဖ ၃ ဦး နုတ်ထွက်
မုဒုံမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးနေသည့် မြို့မိမြို့ဖ ၃ ဦး နုတ်ထွက်
DVB
·
June 16, 2020
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးရာမှာ ပါဝင်တဲ့ မြို့မိမြို့ဖ ၃ ဦး နုတ်ထွက်သွားပါတယ်။
မုဒုံမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဇွန် ၁၄ ရက်နေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို နုတ်ထွက်ရတာဟာ သဘောထား မတိုက်ဆိုင်လို့ နုတ်ထွက်ရတာဖြစ်ပြီး သီးခြား မှတ်ချက်ပေးလိုဘူးလို့ မြို့မိမြို့ဖ ဒေါက်တာသန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာတော့ ပါတီဗဟိုက မြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင် ၁၃ ဦး အပါအဝင် မြို့မိမြို့ဖ ၅ ဦး၊ စုစုပေါင်း ၁၈ ဦးနဲ့ ရွေးချယ်ပေးဖို့ ညွှန်ကြားထားတာပါ။
အဲလို ညွှန်ကြားရာမှာ ရွေးချယ်ရေးအဖွဲ့က သဘောထားမတူရင် လျှို့ဝှက်ဆန္ဒမဲ ပေးရမယ်လို့ ညွှန်ကြားထားတာဖြစ်ပြီး မြို့မိမြို့ဖ ၃ ဦးက ဒီစနစ်ကို လက်မခံဘဲ နုတ်ထွက်သွားတာလို့ မုဒုံမြို့နယ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
မြို့မိမြို့ဖ ၃ ဦး နုတ်ထွက်သွားပေမယ့် ကျန်တဲ့ ရွေးချယ်ရေးအဖွဲ့ဝင်တွေက ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။