Homeမြန်မာသတင်း
လွိုင်ကော်မြို့နယ်၌ တာဝါတိုင်အောက်က မိုင်း ၂ လုံးကို ဖယ်ရှားပေးခြင်းမရှိသဖြင့် ဒေသခံများစိုးရိမ်
လွိုင်ကော်မြို့နယ်၌ တာဝါတိုင်အောက်က မိုင်း ၂ လုံးကို ဖယ်ရှားပေးခြင်းမရှိသဖြင့် ဒေသခံများစိုးရိမ်
နော်နိုရင်း
·
June 15, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာနဲ့ ဒေါလိုရှေးကျေးရွာအကြားရှိ လျှပ်စစ်မီးတာဝါတိုင် တစ်တိုင်အောက်မှာ တိုက်မိုင်း တစ်လုံးနဲ့ နင်းမိုင်းတစ်လုံးကို ဒေသခံလယ်သမားကတွေ့ရှိခဲ့ပေမဲ့ ဖယ်ရှားပေးခြင်းမရှိသဖြင့် ထိခိုက်မှုဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဇွန်လ ၁၀ ရက်နေ့က ဒေါလိုရှေ့ကျေးရွာနေ တောင်သူတစ်ဦးက သူရဲ့လယ်ထဲမှာ ထွန်ယက်နေစဉ် လျှပ်စစ်တာဝါတိုင် အမှတ် ၁၀၈ အောက်မှာ မိုင်း ၂ လုံးတွေ့ရှိခဲ့လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးက နယ်မြေခံ ခလရ (၂၆၁)ကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
နိုးကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရှားရယ်က “လယ်ပိုင်ရှင်က ၁၀ ရက်နေ့ ၈ နာရီခွဲလောက်မှာ ကျနော့်ကို လာအကြောင်းကြားတယ်။ ကျနော် တိုက်ရိုက် ၂၆၁ တပ်ကိုတိုက်ရိုက် အကြောင်းကြားလိုက်တယ်။ ကျနော် အကြောင်းကြားတော့ သူတို့ ၉ နာရီလောက်ရောက် လာတယ်။ သူတို့ လာကြည့်ရှုပြီးတော့ သူတို့ ဘာမှတော့ မလုပ်သွားဘူး။ နောက်နေ့မနက်ကျတော့ သူတို့လာတယ်။ ရှင်းလင်းရေးပစ္စည်းကရိယာတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့မရှင်းသွားဘူး။”
မြေပေါ်ပေါ်နေတဲ့ မိုင်း ၂ လုံးကို ရှင်းလင်းမသွားဘဲ ဇွန်လ ၁၄ ရက်နေ့မှာတော့ တာဝါတိုင်ကို ဝါးနဲ့ခြံလာကာသွားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီလိုမလုံခြုံတဲ့ ဝါးနဲ့ခြံကာသွားတာကြောင့် ဒေသခံတွေရဲ့ ကျွဲနွားတိရိစ္ဆာန်တွေ ဝင်ရောက်သွားပါက အန္တရာယ်ရှိနိုင်သလို လယ်ပိုင်ရှင်တွေကလည်း မမြင်နိုင်တဲ့ မိုင်းတွေ ရွေ့လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ အုပ်ချုပ်ရေးမှူးဦးရှားရယ်က ပြောပါတယ်။
“ဒီမိုင်းက စိုးရိမ်ရတာက ကျနော်တို့ကလေးအတွက် တော်တော်စိုးရိမ်ရတာပေါ့နော်။ ကျွဲနွားတိရိစ္ဆာန်တွေလည်း ရှိတယ်လေ။ အဲတော့ကျနော်တို့ စိုးရိမ်ရတဲ့အပိုင်းမှာရှိတာပေါ့နော်။ လောလောဆယ် သူတို့လယ်လုပ်တဲ့လူတွေက တော်တော်စိုးရိမ်ကြတယ်။ စိုးရိမ်တာက သူတို့ လယ်ထွန်တဲ့အချိန်မှာ တချို့တွေက ရွေ့သွားတဲ့မိုင်းလည်း ရှိကောင်းရှိနိုင်တာပေါ့နော်။ ငလျင်လှုပ်ရင်းနဲ့ ရွေ့သွားတဲ့မိုင်းလည်းရှိကောင်းရှိနိုင်တယ်လေ။ အဲတော့ သူတို့လယ်လုပ်ရင်းနဲ့ ဖြစ်သွားမှာလည်း စိုးရိမ်ရတာပေါ့။ ”
ဒီလို မိုင်းနှစ်လုံတွေ့ရှိတဲ့လျှပ်စစ်တာဝါတိုင်မှာ ရွာသူရွာသားတွေနဲ့ ကလေးတွေကို တာဝါတိုင်ရှိရာ အနီးသို့သွားရောက်ခြင်း မပြုဖို့ အသိပေးထားပေမယ့် တနေ့နေ့ အန္တရာယ် ဖြစ်မှာကိုစိုးရိမ် ကြောင်းလည်း ပြောပါတယ်။
မိုင်းတွေ့ရှိတဲ တာဝါတိုင်အောက်ကို ဝါးလေးနဲ့ခြံခတ်မယ့်အစား အုတ်တံတိုင်းနဲ့ ကာစေချင်တယ်လို့ ဦးရှားရယ်က ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ အုတ်တံတိုင်းနဲ့ခတ်ရင်တော့ပိုသေချာတာပေါ့။ ဒီဝါးနဲ့သွားခတ်ရင် လည်းသူက အဆင်မပြေဘူး။ တနေ့မဟုတ်ရင်တနေ့တော့ပျက်မှာပဲ။ နွားမဟုတ်ရင် တိရိစ္ဆာန်တခုခုဖျက် လိုက်ရင် သူက ခြံကာလိုက်ရင်အထဲမှာ မြက်တွေထူတော့ အစာကောင်းသွားပြီလေ။ အဲတော့ နွားကတော့ သူ့အစာတွေ့ရင်တော့ သူဝင်မှာပဲ။ ”
နိုးကိုးကျေးရွာအုပ်စုအနီးတဝိုက်မှာ လျှပ်စစ်တာဝါတိုင် ၂၀ ကျော်ရှိနေပြီး တာဝါတိုင်လုံခြုံရေးအတွက် လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကတည်းက ဒီလိုမိုင်းတွေ ထောင်ထားတာရှိတယ်လို့လည်း ပြောပါတယ်။
ကယားပြည်နယ် လောပိတရေအားလျှပ်စစ် စက်ရုံကနေ မြန်မာနိုင်ငံအနှံ့ပြားသို့ ဓာတ်အားဖြန့်ဖြူးထားတဲ့ လျှပ်စစ်တာဝါတိုင်တွေ အောက်မှာလည်း မိုင်းတွေ ထောင်ထားလေ့ရှိပြီး တာဝါတိုင်အများစုမှာ ခြံစည်းရိုးခတ်ထားခြင်းမရှိပါဘူး။
လျှပ်စစ်တာဝါတိုင်တွေ ဖြတ်သန်းရာတလျှောက်ရှိ ကျေးရွာတွေမှာ တာဝါတိုင်အောက်ဝင်မိတဲ့ ကျွဲ၊ နွားတိရိစ္ဆာန်တွေ မကြာခဏ မိုင်းထိလေ့ရှိသလို လူတွေ ထိခိုက်တာလည်း ရှိခဲ့ဖူးပါတယ်။